မြေလတ်အသံ၊ အောက်တိုဘာ ၁၆၊ ၂၀၂၅။
တော်လှန်ရေး၊ ဆန့်ကျင်ရေးဆိုတာတွေကြောင့် စာသင်ကျောင်းတွေအကန့်အသတ်မရှိပိတ်လိုက်ရမှာစိုးရိမ်တယ်လို့ စစ်ကော်မရှင်သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
အောက်တိုဘာ ၁၅ ရက် မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့်ပွဲမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလိုပြောဆိုလိုက်တာပါ။
” တော်လှန်ရေးကို ဖန်တီးခြင်းဖြင့် တော်လှန်ရေးကို ဖန်တီးပြီး တော်လှန်ရေးကိုသင်ယူခြင်းဖြင့် တော်လှန်ရေးကိုလုပ်ကြပါ ဆိုတဲ့စကားစဖူးတယ်။ သို့သော်နောက်ဆက်တွဲက တော်လှန်ရေးကိုဖော်ဆောင်ရင်းဖြင့် တော်လှန်ရေးကိုသင်ယူကြဆိုတဲ့စကားရပ်ကိုအကောင်အထည်ဖော်ရင်း စာသင်ကျောင်းတွေ အကန့်အသတ်မရှိ ပိတ်လိုက်ရမှာတော့စိုးရိမ်ပါတယ်။ အခုကျနော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ တော်လှန်ရေးဆိုတဲ့ဟာတွေ ဆန့်ကျင်ရေးဆိုတဲ့ဟာတွေကြောင့်မလို့ ဒီစာသင်ကျောင်းတွေ အကန့်အသတ်မရှိပိတ်လိုက်ရတယ်ဆို မကောင်းပါဘူး” လို့ သူက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ အညာဒေသအပါအဝင် နိုင်ငံအနှံ့မှာ စာသင်ကျောင်း၊ ဘက(ဘုန်းတော်ကြီးစာသင်ကျောင်း)တွေကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်နေပြီး ဒီပဲယင်းမြို့နယ်၊ အိုတိန်းတွင်းရွာစာသင်ကျောင်းဗုံးကြဲခံရပြီးတဲ့နောက် မြို့နယ်အတွင်းကြားကာလစာသင်ကျောင်းအားလုံး ယာယီပိတ်ထားရကြောင်း မြိုင်မြို့နယ်ကြားကာလပညာရေးဘုတ်အဖွဲ့က ပြီးခဲ့တဲ့ မေလအတွင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလနဲ့ စက်တင်ဘာလအတွင်းမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းနဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်ကန်ရွာ ကိုယ်ပိုင်ကျောင်းတွေကို လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းတက်နေတဲ့ ကျောင်းသားနဲ့ ဆရာမ ၂၀ ဦးထက်မနည်းစီသေဆုံးခဲ့တာပါ။
တော်လှန်ရေးနယ်မြေတွေအပြင် အခြားပြင်ပနယ်မြေတွေက စာသင်ကျောင်းတွေကို စစ်ရေးပစ်မှတ်လို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကော်မရှင်တပ်က တော်လှန်ရေးကြောင့်စာသင်ကျောင်းတွေပိတ်ရတယ်ဆိုတဲ့ ပြောဆိုမှုဟာ မျက်နှာပြောင်တိုက်သိက္ခာမဲ့လွန်းတယ်လို့ CDM ပညာရေးဝန်ထမ်းတဦးဖြစ်သလို တော်လှန်ရေးကဗျာတွေကိုရေးသားနေတဲ့ ကဗျာဆရာ သင့်သူက အခုလို မှတ်ချက်ပြုပါတယ်။
” ခုအခြေအနေမှာ ဒီကြားကာလမှာ မြို့ကြီးတွေမှာမဟုတ်ဘဲနဲ့ ကျေးလက်တွေမှာ ပညာသင်ကြားနေရတဲ့ကလေးတွေက လေယာဥ်သံဆိုရင်ကြောက်ပြီးတော့မှ စစ်တပ်ဆိုရင် ကြောက်ပြီးတော့မှ မြေကြီးထဲမှာ ဆင်းသင်ရတယ်။ နေရာတွေရွှေ့ပြီးတော့မိုဘိုင်းလ်စာသင်ကျောင်းပုံစံမျိုး ရွှေ့ပြီးသင်နေရတာလည်း ရှိတယ်။ ကျနော်တို့တော်လှန်ရေးဘက်မှာရှိနေတဲ့သူတွေက နိုင်ငံရဲ့ပညာရေးကို မနိမ့်ကျသွားအောင် စွမ်းစွမ်းတမံကြိုးစားနေပေမယ့် စကမကတော့ စာသင်ကျောင်းတွေကို စစ်ရေးပစ်မှတ်အဖြစ်နဲ့တိုက်ခိုက်နေတာဖြစ်တဲ့အတွက် ဒီစကားအပေါ်မှာ ဒါဟာ ခွေးပါးစပ်ကထွက်တဲ့ သူတော်ကောင်းစကားလို့ မှတ်ချက်ပြုချင်ပါတယ်”