နတ်တလင်း၊ မေ ၂ ၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်လင်းမြို့နယ်အရှေ့ဘက်ရှိ စစ်ကောင်စီတပ်ရဲ့ ဒမငယ်ရဲကင်းစခန်းကို မေ ၂ ရက် ဒီမနက် ၄ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးသေကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိတယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ ဆီက သိရပါတယ်။
စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၁၅ ဦးခန့်ရှိတဲ့ ဒမငယ်နယ်မြေရဲကင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဘက်ပြန်လှန်ပစ်ခတ်ချိန် ၁ နာရီလောက် ကြာမြင့်တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲတွင်းမှာ သေတာ ၂ ကောင်၊ ကွက်သစ်ဆေးရုံရောက်မှသေတာ ၁ ကောင်၊ စုစုပေါင်း ၃ ကောင်ပါ။ အဲစခန်းမှာ စစ်** ရဲ**နဲ့ ပျူတွေရောနေတာလေ။” လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ က ပြောပါတယ်။
လက်ရှိမှာ အဲဒီစခန်းက စစ်အုပ်စုဝင်တွေဟာ ဒမငယ်စခန်းဝန်းကျင်မှာ ကင်းပတ်နေတယ်လို့ သတင်းရကြောင်း သူက ဆက်ပြောပါတယ်။
တိုက်ပွဲအတွင်း G3 ၁ လက်၊ ကာဘိုင် ၃ လက်၊ MA 3 ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ သီး ၉ လုံး၊ ပလတ်စတစ်နင်းမိုင်း ၅ လုံး၊ ယာဉ်ဖျက်မိုင်း ၄ လုံး၊ G 3 ကျည် ၁၂၀ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကို တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၆ နဲ့ နတ်တလင်း ပကဖ တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက် မနက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ် သရောကုန်ရွာထိပ် အနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေတိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေကာ ၁ ဦးကို အရှင်ဖမ်းမိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခဲ့ပါသေးတယ်။
သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း