စစ်ကိုင်း၊ ဇွန် ၅၊ ၂၀၂၅။
စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းမြို့အနီးက ကျေးရွာ ၁ ရွာ ကို ဇွန် ၅ ရက်မနက် ၄ နာရီကျော်မှာစစ်ကြောင်းထိုးပြီးမီးရှို့နေတယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
အင်အား ၂၀၀ ကျော်ပါအဲ့ဒီစစ်ကြောင်းက စစ်ကိုင်းမြို့နဲ့ ၅ မိုင်ခန့်ဝေးတဲ့ အိမ်ခြေ ၁၅၀ ရှိ တအိမ်တည်းကျေးရွာကို ဝင်ရောက်မီးရှို့နေတာလို့ ဆိုပါတယ်။
“တပ်မ ၃၃ နဲ့လည်းနီးတယ်။ သူတို့က ဘာကြောင့်မီးရှို့လဲတော့ မသိဘူး။ ဘာတိုက်ပွဲမှလည်း မရှိဘူးဗျ။ ဒီရွာက ဒါပထမအကြိမ်မီးရှို့ခံရတာ။ ရွာကိုဝင်လာချိန်မှာ သေနတ်ပစ်ခတ်တာတွေကြောင့် ရွာသားတွေလန့်နိုးပြီး ပြေးချိန်ရလိုက်ကြတယ်။”လို့ Knight Commanders မှ တာဝန်ခံ ဘယ်သန်ကြီးကပြောပါတယ်။
လက်ရှိအချိန် စစ်ကောင်စီတပ်သားတွေက ကျေးရွာအတွင်းရှိနေသလို လောင်ကျွမ်းနေတဲ့ လူနေအိမ်တွေမှာလည်း မီးမငြိမ်းသေးတာကြောင့် ပျက်စီးမှုအခြေအနေကို မသိရှိရသေးဘူးလို့ ဘယ်သန်ကြီးက ဆိုပါတယ်။
ဒါ့အပြင် တအိမ်တည်းကျေးရွာနဲ့ အနီးဝန်းကျင်ကျေးရွာက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
တအိမ်တည်းကျေးရွာဟာ တပ်မ ၃၃၊ အုန်းတောကျေးရွာ အခြေစိုက်အမြောက်တပ်ရင်း ၆၀၀၅ တို့နဲ့လည်း ၅ မိုင်ခန့်သာကွာဝေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၇ ရက်မနက် ၁၀ နာရီကျော်မှာလည်း စစ်ကိုင်းမြို့နယ်၊ ကင်းကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၈ လုံး မီးလောင်ပြာကျသွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စာတည်း – လင်း