ပခုက္ကူ၊ စက်တင်ဘာလ ၁၅၊ ၂၀၂၅။
မကွေးတိုင်းအခြေစိုက် ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းရဲ့ တပ်ရင်းတည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကို ဒီနေ့ စက်တင်ဘာ ၁၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။
အဆိုပါအခမ်းအနားကို ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်မှာ ပခုက္ကူခရိုင်အတွင်း ကျင်းပခဲ့တာဖြစ်ပြီး တပ်ဖွဲ့အတွင်းက ထူးချွန်တပ်ခွဲတွေကို ဂုဏ်ပြုဆုတွေပါပေးအပ်ခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း ၃ မှတာဝန်ရှိသူတဦးက ဆိုပါတယ်။
“ဆုချီးမြှင့်တာကတော့ တပ်တည်ထောင်တဲ့ကာလကနေ အခုအချိန်ထိ အရင်ကတော့ပြစ်ဒဏ်တို့ပဲပေးခဲ့တာရှိတာပေါ့၊ ဒီလိုမျိုး ဆုဆိုပြီးပေးခဲ့တာမရှိခဲ့ဘူး။ ဒီနှစ် ၃ နှစ်ပြည့်မှာတော့ ကျနော်တို့ရဲ့ တပ်ခွဲတွေထဲကနေ ဒီကာလတလျှောက်လုံးမှာ လက်နက်ရရှိမှု တိုက်ပွဲကြောင့်ပဲဖြစ်ဖြစ် အလင်းဝင်လာတာပဲဖြစ်ဖြစ် လက်နက်ရရှိတာများတဲ့တပ်ခွဲကိုတော့ တပ်ခွဲအကောင်းဆုံးဆုပေးတယ်။ ကျန်တာတော့ ကဏ္ဍအသီးသီးမှာလုပ်ဆောင်ခဲ့တဲ့အပေါ်မူတည်ပြီး ပေးခဲ့တာဖြစ်တယ်။”လို့ ပခုက္ကူခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတဦးက ဆိုပါတယ်။
ဒါ့အပြင် ဂုဏ်ပြုဆုအနေနဲ့ အကောင်းဆုံးဆုကို ကျပ် ၅ သောင်း၊ နှစ်သိမ့်ဆုကို ကျပ် ၃သောင်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
“ဂုဏ်ပြုဆုကိုတော့ အများကြီးမပေးနိုင်ဘူးဗျ၊ အကောင်းဆုံးဆုကိုမှ ၅သောင်းပေးတယ် နှစ်သိမ့်ဆုကို ၃ သောင်းပေးတယ်၊ အသိမှတ်ပြုတဲ့ပုံစံမျိုးပဲ ပေးခဲ့တာဖြစ်တယ်။ ရဲဘော်တွေကိုစုစည်းပြီးတော့ ဟင်းလေး ကောင်းကောင်းမွန်မွန် ဖန်တီးပြီးတော့ကျွေးခဲ့တာရှိတယ်။ တောထဲတနေရာမှာပဲ ရဲဘော်တွေအားလုံးကိုစုရုံးပြီးသိုက်သိုက်ဝန်းဝန်း တွေ့ဆုံပြီးတော့ အခမ်းအနားလုပ်တဲ့သဘောပါပဲ။”လို့ ဆိုပါတယ်။
အဆိုပါအခမ်းနားကို တပ်ရင်းတာဝန်ရှိသူတွေ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ-လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(မကွေးတိုင်း)မှတာဝန်ခံတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းကို ၂၀၂၂ခုနှစ် စက်တင်ဘာ ၁၅ ရက် ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၃ နှစ်တာအတွင်း ပခုက္ကူခရိုင်အတွင်းမှာ အဓိကစစ်ရေးလှုပ်ရှားမှုတွေလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
တည်းဖြတ် – HP