ရေစကြို၊ ဇွန် ၂၈၊ ၂၀၂၅။
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်က ငြိမ်းဇာနည်အမည်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့နေရာကထွက်လာတဲ့ အငြိမ်းစားတပ်ကြပ်ကြီး ၁ ဦးကို ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဇွန် ၂၈ ရက် ဒီမနက် ၉ နာရီလောက်မှာ အဆိုပါစခန်းကထွက်လာတဲ့ အသက် ၆၄ နှစ်အရွယ် အငြိမ်းစားတပ်ကြပ်ကြီး ထွန်းအောင် ကို ဒေသခံကာကွယ်ရေးတပ်တွေကဖမ်းဆီးရာ အဖမ်းမခံဘဲထွက်ပြေးချိန်မှာ ပစ်ခတ်လိုက်တာလို့ ဆိုပါတယ်။
“ငြိမ်းဇာနည်စခန်းကနေ ဒီကောင်က မြို့အပြင်ကိုထွက်လာတာ၊ ကျနော်တို့ရဲဘော်တွေက တားပြီးဖမ်းဆီးတာ၊ သူက အသာတကြည်အဖမ်းဆီးမခံဘဲ ဆိုင်ကယ်နဲ့ထွက်ပြေးတဲ့အတွက်ကြောင့် လိုက်လံပစ်ခတ်ပြီးတော့ အသေဖမ်းဆီးလိုက်ရတာ။”လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သူဟာ ၂၀၂၁ ဧပြီ ၂၆ မှာအငြိမ်းစားယူပြီးနောက် ရေစကြိုမြို့ပေါ်က စစ်မှုထမ်းဟောင်းရုံးမှာ ပြန်လည်တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့လည်း ဆိုပါတယ်။
“အငြိမ်းစားယူထားပေမဲ့လည်း သူက စစ်မှုထမ်းဟောင်းရုံးမှာပြန်ပြီးတော့ တာဝန်ထမ်းဆောင်နေတဲ့သူပါ၊ သူက မြို့ပေါ်မှာ စစ်ကောင်စီအတွက်ပေါ်တာဆွဲပေးတာမျိုးတွေ၊ သန်းခေါင်စာရင်းကောက်ပေးတာမျိုးတွေ လုပ်ပေးတယ်။”လို့ အထက်ပါသတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပစ်ခတ်ပြီးနောက် စာရွက်စာတမ်း၊ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး သိမ်းဆည်းခဲ့ပြီး အလောင်းကို ရေစကြိုမြို့အထွက်မှာထားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၃ ရက်ကလည်း ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံထဲကို လက်နက်ခဲယမ်းပို့ပြီးပြန်လာတဲ့ ခလရ ၂၅၈ တပ်က အင်အား ၉၀ ပါ စစ်ကြောင်းကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရေစကြိုမြို့အထွက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါသေးတယ်။
စာတည်း – လင်း