မြေလတ်အသံ၊ စက်တင်ဘာ ၁၇၊ ၂၀၂၅။
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမအနီးကဒေသခံတွေကို စစ်ကြောင်းထိုးဖမ်းဆီးခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စက်တင်ဘာ ၁၆ ရက်မနက် ၁၀ နာရီကျော်မှာ အင်အား ၁၀၀ ကျော်ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးဝင်ရောက်လာချိန် အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမနံဘေးရှိ ရေနံနဲ့ ကျောက်မီးသွေးလုပ်ကွက်တွေက အသက် ၂၀ နဲ့ ၃၀ အရွယ် လုပ်သား ၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
“အဲ့မှာ(ကျောက်မီးသွေးလုပ်ကွက်) အမ်းမြို့နယ်ကနေ စစ်ရှောင်တဲ့ရခိုင်လူငယ်တွေရှိတယ်။ ပေါ်တာဆွဲခံရတာက ဒေသခံလား၊ ရခိုင်ဘက်က စစ်ဘေးရှောင်တွေလားဆိုတာကို ခွဲခြားမသိရဘူး။ ယောကျာ်း ၅ ဦးပါသွားတယ်။ ဖြစ်နိုင်ခြေက အဲ့ကျောက်မီးသွေးလုပ်ကွက်တွေမှာ အများဆုံးအလုပ်လုပ်နေတာက ရခိုင်လူငယ်တွေများတယ်” လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံတွေကိုဖမ်းဆီးပြီး ကန်တုတ်ကျေးရွာရှိတပ်စခန်းကိုဆက်သွားတဲ့စစ်ကြောင်းကို အဲ့ဒီနေ့ နေ့လယ် ၁ နာရီကျော်မှာ မုံရွာ-ပုသိမ်ကားလမ်းမဘေးတနေရာမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ခိုက်မှု ညနေ ၅ နာရီအထိ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“ကန်တုတ်ဘက်ကနေ ဖြန့်တက်လာတဲ့စစ်ကြောင်းကို ဖြတ်တောက်ပိတ်ဆို့တာမျိုးပါ။ နေ့လယ် ၁ နာရီလောက်ကနေ ဖြစ်တာ။ ညနေ ၅ နာရီလောက်အထိ အပြန်အလှန်ဖြစ်ခဲ့တယ်။ ၇ ယောက်ထိတယ်။ မျက်မြင် ကားပေါ်တင်တာလို့ လမ်းဘေးမြင်တဲ့သူကပြောတာ”လို့ အထက်ပါဒေသခံက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ထိခိုက်မှုတွေရှိတယ်လို့ပြောပေမယ့် ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံကသီးခြားအတည်မပြုနိုင်သေးပါဘူး။
ဖမ်းဆီးခံ အမျိုးသား ၅ ဦးအလုပ်လုပ်ကိုင်တဲ့ ရေနံနဲ့ကျောက်မီးသွေးလုပ်ကွက်ဟာ ရေနံမ၊ ဓာတ်ကုန်း၊ ဆပ်ပြာ၊ ဆင်မကျ၊ ရွာပုလဲစတဲ့ကျေးရွာတွေ အနီးမှာတည်ရှိပြီး ၅ ဦးစလုံးကိုတော့ စက်တင်ဘာ ၁၇ ရက်ဒီမနက်ပိုင်းမှာ ကပစ ၂ (မလွန်) ဘက်ကိုပို့လိုက်တယ်လို့သိရကြောင်း သူကဆက်ပြောပါတယ်။
စစ်ကြောင်းကတော့ စက်တင်ဘာ ၁၇ ရက်ဒီကနေ့အထိ စစ်အင်အား ၅၀ ကျော်နဲ့တပ်စွဲထားတဲ့ ပုသိမ်-မုံရွာကားလမ်းမပေါ်က ကန်တုတ်ရွာတပ်စခန်းနဲ့ ၁ ဖာလုံခန့်သာကွာဝေးတဲ့ မြောက်မျှားကျေးရွာ အတွင်းမှာ ဝင်ရောက်တပ်စွဲထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့သြဂုတ် ၂ ရက်ကလည်း စစ်ကော်မရှင်တပ်သားတွေက အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းနံဘေးရှိ စက်စက်ယိုကျေးရွာအနီးက ကျောက်မီးသွေးတွင်းလုပ်ကွက်မှာ အလုပ်လုပ်ကိုင်နေတဲ့ စစ်ရှောင် ရခိုင်အမျိုးသား ၇ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ကပစ ၂ ဘက်ကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း