ရေတာရှည်၊ ဧပြီ ၄၊ ၂၀၂၅ ။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ငလျင်ဘေးကူညီဖို့သွားတဲ့ ကား ၁ စီးတိမ်းမှောက်လို့ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။
ဧပြီ ၃ ရက် ယမန်နေ့ မနက် ၇ နာရီကျော်က အမြန်လမ်းမိုင်တိုင်အမှတ် ၁၈၀/၇ အနီးမှာ ရန်ကုန်မှ နေပြည်တော်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ငလျင်ဘေးကူညီရေယာဉ်တန်း ၅ စီးအနက် လူ ၆ ဦး လိုက်ပါလာတဲ့ PAJERO ယာဉ် ၁ စီး တိမ်းမှောက်သွားခဲ့တာလို့ ဆိုပါတယ်။

” ကားကရှေ့ဘီးပေါက်ပြီး လမ်းဘေးထိုးကျတိမ်းမှောက်သွားတာ။ မွန်ဘက်နေ မန္တလေးဘက် ငလျင်ဘေးလှူဖို့သွားတဲ့ကားလို့ သိရတယ်။ သေဆုံးတာတော့မရှိဘူး။” လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။
ယာဉ်တိမ်းမှောက်တာကြောင့် ယာဉ်ပေါ်ပါ အသက် ၂၀ ကနေ ၆၅ နှစ်ကြား အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၄ ဦးဒဏ်ရာရရှိပြီး ကား ရှေ့၊ နောက် လေကာမှန်ကွဲအက်၊ အမိုးပိန်ချိုင့် ပျက်စီးခဲ့ကာ ဒဏ်ရာရသူတွေကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ယာဉ်တိမ်းမှောက်ဒဏ်ရာရသူတွေဟာ မွန်ပြည်နယ်၊ သထုံမြို့ကဖြစ်ပြီး မန္တလေး ငလျင်ဘေးသင့်ပြည်သူတွေအတွက် စားသောက်စရာတွေ သွားရောက်လှူဒါန်းဖို့လာကြသူတွေလို့ သိရပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်း နေရာအများအပြားမှာ လမ်းနဲ့တံတား ပျက်စီးမှုတွေ အများအပြားဖြစ်ပွားခဲ့ပြီး လက်ရှိမှာ လမ်းပိုင်းပျက်စီးမှုရှိတဲ့နေရာတွေမှာ ရန်ကုန်-မန္တလေး လမ်းဟောင်းကို အသုံးပြုမောင်းနှင်နေရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ