မုံရွာ၊ ဩဂုတ် ၄၊ ၂၀၂၅။
စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေတင်ပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်သင်္ဘော ၁ စီး တွဲတွန်း ၁၀ စီးတို့ကို မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ရှေ့ထွက်ပြောင်းတိုက် ၃ လုံး ၁ ပွိုင့်ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group-CFG ဆီက သိရပါတယ်။
ဩဂုတ် ၃ ရက် နေ့လယ် ၁၁ နာရီ ၁၅ မိနစ်လောက်မှာ မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းတနေရာမှာ စစ်သင်္ဘော ၁ စီးနဲ့ တွဲတွန်း ၁၀ စီးကို ရှေ့ထွက်ပြောင်းတိုက် ၃ လုံး ၁ ပွိုင့်ဖောက်ခွဲပြီး လက်နက်ငယ် တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
“ကျနော်တို့ ရှေ့ထွက်ပြောင်းတိုက် ၃ လုံး ၁ ပွိုင့်ဖောက်ခွဲပြီးတော့ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ မော်တော်ကိုလည်းမှန်တယ်၊ ထိခိုက်သေဆုံးမှုက အတွင်းသတင်းအရ စစ်ကောင်စီဘက်က ၁ ဦးထိမှန်ခဲ့တယ်”လို့ Chindwin Fighter Group-CFG တာဝန်ခံ ကိုငှက်ခါးက ပြောပါတယ်။
ထိုတိုက်ခိုက်မှုကို Chindwin Fighter Group-CFG နဲ့ Brave Heart Army-(B.H.A) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေတင်လာတဲ့ စစ်သင်္ဘော ၁ စီးနဲ့ တွဲတွန်း ၁၀ စီးဟာ မုံရွာဆိပ်ကမ်းမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။
တည်းဖြတ် – HP