မြေလတ်အသံ၊ ဩဂုတ် ၂၂၊ ၂၀၂၅။
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ယာယီတာဝန်ခံ စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးမှုကိုခံခဲ့ရတယ်လို့ မြို့နယ်ပကဖနဲ့နီးစပ်သူတဦးထံက သိရပါတယ်။
ဖမ်းဆီးခံရသူမှာ အသက် ၂၀ ကျော်အရွယ်ရှိ မိတ္ထီလာပကဖယာယီတာဝန်ခံ ကေကြီးဖြစ်ပြီး ဩဂုတ် ၁၄ ရက် ညနေပိုင်းက ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေသယ်ယူဖို့ ကား ၂ စီးနဲ့ ထွက်ခွာလာစဥ် အမြန်လမ်း မိုင်တိုင် ၂၇၈ အနီး မန္တလေး-ရန်ကုန်ဘက်ခြမ်းမှာ ပစ်ခတ်ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
” ဒရုန်းပစ္စည်းသွားသယ်တာ။ ၂ စီးသွားတာ။ ၁ စီးမိသွားတယ်။ ထောင်ဖမ်းခံရတာ။ ကင်းပုန်းနဲ့မိတာ။ ကားကလည်း လှည်းလမ်းကြောင်းထဲကျပြီး မြေကျွံသွားချိန် ပစ်ခတ်မှုဖြစ်ပြီး သူတယောက်ပဲထိပြီးကျန်ခဲ့တာ။ ကျန်တဲ့သူတွေက လွတ်လာတယ်” လို့ မိတ္ထီလာမြို့နယ်ပကဖနဲ့နီးစပ်သူက မြေလတ်အသံကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ကင်းပုန်းရဲ့ စောင့်ကြိုပစ်ခတ်ခံရတာကြောင့် ယာယီပကဖတာဝန်ခံမှာ ကျည်ထိမှန်ဒဏ်ရာနဲ့ ဖမ်းဆီးခံလိုက်ရသလို ၎င်းစီးနင်းလာတဲ့ကား ၁ စီးဆုံးရှုံးသွားခဲ့ပြီး ကျန်ကား ၁ စီးနဲ့ နောက်ထပ်တပ်ဖွဲ့ဝင် ၃ ဦးက လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ဒရုန်းပစ္စည်းတွေသယ်ယူဖို့ ထွက်ခွာလာစဥ် အသွားခရီးမှာပစ်ခတ်ခံရတာကြောင့် ပစ္စည်းတွေမသယ်ယူနိုင်ခဲ့ဘဲ တပ်ဖွဲ့ဝင်တွေကလည်း လက်နက်တွေလည်း ယူဆောင်မသွားတာကြောင့် ယာယီပကဖတာဝန်ခံနဲ့ ကား ၁ စီး သာဆုံးရှုံးမှုရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
ယာယီပကဖတာဝန်ခံ ကေကြီး ကို ဩဂုတ် ၂၂ ရက် ဒီကနေ့အထိ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ ဌာနချုပ် စစ်ကြောရေးမှာ ဖမ်ဆီးထိန်းသိမ်းထားကြောင်း စုံစမ်းသိရှိထားကာ လက်ရှိမှာ ကျန်တပ်ဖွဲ့ဝင်တွေနဲ့ ယာယီတာဝန်ခံနဲ့ဆက်စပ်သူတွေလုံခြုံရေးအတွက် လိုအပ်တဲ့အစီအမံတွေလုပ်ဆောင်ပြီးပြီလို့ သိရပါတယ်။
စာတည်း – ဟိန်းစံ