စလေ၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၅။
မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့အဝင် ဘီယာဆိုင်မှာရှိနေတဲ့ပျူစောထီးခေါင်းဆောင်ကို ဒီဇင်ဘာ ၁၀ ရက်နေ့လယ်ပိုင်းမှာ ပစ်သတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မကွေးခရိုင် အမှတ် ၁ တပ်ရင်းဆီက သိရပါတယ်။
ချောက်မြို့နယ်၊ ချောင်းပိုက်ရွာက အသက် ၄၄ အရွယ်ပျူစောထီးခေါင်း မိုးအောင်ကို နေ့လယ် ၁၂ နာရီ ၄၅ မိနစ်မှာ ဘီယာသောက်နေချိန်ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“စလေမြို့အဝင်က ဘီယာဆိုင်တဆိုင်မှာ သောက်နေတာကို သတင်းရလို့ ကျနော်တို့အနေနဲ့ အသင့်စောင့်နေခဲ့တယ်။ သူ့ဆီသွားပြီး ဝင်ရောက်ရှင်းလင်းလိုက်တာ၊ သူ့မှာ လက်နက်ပါတာ ဖြစ်တဲ့အတွက် မိုးအောင်ကို ပစ်လိုက်တဲ့အခါ မှန်သွားတဲ့အချိန် ကျနော်တို့ လက်နက်ယူတဲ့အခါမှာ လှုပ်နေသေးလို့ ထပ်ပြီးပစ်ခဲ့လိုက်တယ်” လို့ မကွေးခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
သူဟာ ချောက်မြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်တွေနဲ့အတူစစ်ကြောင်းထိုးရာမှာပါဝင်ပြီး ပေါ်တာဆွဲတာတွေကြောင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က ၂၅ ချက်ပစ်ခတ်ပေမယ့် ၅ ချက်ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ပျူစောထီးခေါင်းဆောင်က ချောက်မြို့နယ်မှာဆိုရင် စစ်ကော်မရှင်က စစ်ကြောင်းထိုးတာတွေအပြင် အရင်တုန်းကလည်း စလေ တကြောနဲ့ မြစ်အနောက်ခြမ်းမှာ ပေါ်တာဆွဲတာတွေလည်းလုပ်တယ်။ သူက ပျူစောထီးခေါင်းဆောင်လည်းဖြစ်တယ်။ ချောင်းပိုက်ရွာမှာ ဂိတ်တွေထိုင်ပြီး လူငယ်တွေကို ပေါ်တာဆွဲတယ်။ သူနဲ့နီးစပ်ရာနေရာတွေမှာ ဆက်ကြေးကောက်တယ်၊” လို့ မကွေးခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဇွန်လကလည်း သူ့ကိုပစ်ခတ်ဖို့ တော်လှန်ရေးတပ်တွေဘက်က ကြိုးစားခဲ့ဖူးပေမယ့် ထိခိုက်ဒဏ်ရာသာရခဲ့တယ်လို့ ဆိုပါတယ်။
“ဓားမြတိုက်တွေလည်း လုပ်တယ်။ အရင်တုန်းကတော့ သူ့ကိုလုပ်ဖို့ အဖွဲ့အစည်းအသီးသီးက ကြိုးစားကြတယ်။ မိုင်းဆွဲတာမျိုးတွေ ပစ်ခတ်တာမျိုးတွေလုပ်တယ်။ အဲ့ဒီတုန်းက ဒဏ်ရာပဲရတယ်။ ဒီလိုမျိုး သေဆုံးတာမရှိဘူး”လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မကွေးခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ပစ်ခတ်ပြီးနောက် ပျူစောထီးခေါင်းဆောင်မိုးအောင်ဆီကနေ MA 22 ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၁၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အလောင်းကိုတော့ ပစ်ခတ်ခဲ့တဲ့နေရာမှာ ထားခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲ့ဒီနောက် ၁ နာရီလောက်မှာ စလေမြို့ရဲတွေဟာ သူ့ရဲ့အလောင်းကို ရင်ခွဲရုံပို့ပြီးနောက် သချောင်းပိုက်ရွာကို ပြန်ပို့တယ်လို့သိရကြောင်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကလည်း ချောက်မြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို လူငယ် ၂ ဦးက ဧည့်စာရင်းတိုင်ဖို့ဆိုကာ ဝင်ရောက်လာပြီး နေအိမ်ထဲမှာပဲ ပစ်သတ်သွားခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။
စာတည်း – လင်း


