ဖမ်းဆီးရမိသူမှာ PDF ဖြစ်ပြီး ထွက်ပြေးတာကြောင့် ပစ်ခတ်ရာက သေဆုံးတယ်လို့ စစ်ကော်မရှင်ဆို
မြေလတ်အသံ၊ စက်တင်ဘာ ၁၅၊ ၂၀၂၅။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာအထွက် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ဘုန်းကြီးတပါးမောင်းလာတဲ့ကားပေါ်က လက်နက်ခဲယမ်းတွေဖမ်းဆီးခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စက်တင်ဘာ ၁၄ ရက် ယမန်နေ့ မနက် ၁၀ နာရီခန့်မှာ ဘုန်းကြီးတပါးမောင်းနှင်လာတဲ့ အိမ်စီးကားအမဲရောင်ကို ညောင်ပင်သာကျေးရွာထိပ် စစ်ဆေးရေးဂိတ်စစ်ကော်မရှင်တပ်သားတွေက တားဆီးစစ်ဆေးရာက ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

” ကားက နယ်ခံကားမဟုတ်ဘူး။ မြို့ထဲပတ်သွားနေလို့ အထွက်မှာဖမ်းခံရတာ။ လမ်းမကျွမ်းလို့ရွာလည်နေတော့ မသင်္ကာလို့ဖမ်းခံရတာ။ အဲ့နေရာတွေက ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ဆိုတော့ ကားကပတ်သွားနေတာဆိုတော့ ရိပ်မိမှာပေါ့။ အဖြတ်မှာမိတဲ့သဘောပဲ”လို့ ဖြစ်စဥ်ကိုသိထားတဲ့မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့လက်နက်၊ ခဲယမ်းတွေဟာ နယ်မြေခံတော်လှန်ရေးအဖွဲ့တွေရဲ့ လက်နက်တွေမဟုတ်ဘဲ ဘယ်တပ်ဖွဲ့အတွက်သယ်ဆောင်လာတဲ့ လက်နက်တွေဆိုတာကိုတော့ မသိရှိရဘူးလို့ ဖြူးမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကော်မရှင်နဲ့ ၎င်းတို့ကိုထောက်ခံရေးသားနေတဲ့တယ်လီဂရမ်တွေမှာတော့ PDF အဖွဲ့ဝင် ဘုန်းကြီးအယောင်ဆောင် သန်းလွင် ဆိုသူက ဖြူးမြို့နယ်၊ ကျောက်တိုင်ကျေးရွာက သယ်ဆောင်လာတဲ့ လက်နက်တွေကို ပဲခူးဘက်ကို ပို့ဆောင်စဥ်မှာ ဖမ်းမိခဲ့တာလို့ ဖော်ပြကြပါတယ်။

စစ်ကော်မရှင်ဘက်က ထုတ်ပြန်လာတဲ့ ဖမ်းဆီးရမိလက်နက်ဓာတ်ပုံတွေအရ မောင်းပြန်သေနတ်မျိုးစုံ ၉ လက်၊ ကျည်ဘောက်တွေနဲ့ ကျည်ဆံအများအပြား ဖမ်းဆီးခံထားရတာကို တွေ့ရပါတယ်။
ဒါ့အပြင် ယမန်နေ့ညနေပိုင်းမှာပဲ ဖမ်းဆီးခံထားရသူ ကိုသန်းလွင်ဆီ လက်နက်လာယူမယ့်သူတွေကို ထပ်မံဖမ်းဆီးဖို့စောင့်ဆိုင်းနေစဥ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၂၇/၆ အနီးမှာ လက်နက်လာယူသူတွေနဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး ပစ်ခတ်မှုဖြစ်နေချိန်အတွင်း သန်းလွင်မှာ ထွက်ပြေးတာကြောင့် ပစ်ခတ်ခဲ့တယ်လို့ စစ်ကော်မရှင်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၂၁ ရက် ကလည်း ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာလမ်းဆုံအနီးမှာ လက်နက်သယ်လာသူ ၂ ဦးကို စစ်ကော်မရှင်တပ်သားတွေက ဖမ်းဆီးပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ