သပိတ်ကျင်း၊ မေ ၈၊ ၂၀၂၅။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို မေ ၇ ရက်မွန်းလွဲ ၁၂ နာရီခန့်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့တိုက်ခိုက်ရေးလေယာဥ် ၁ စီးပေါ်ကနေ ရေထွက်ကျေးရွာထဲကို ဗုံး ၂ ကြိမ်ကြဲချခဲ့ရာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦးဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီထဲက အမျိုးသား ၇ ဦးထဲက ၁ ဦးမှာ ဆေးကုသမှုခံယူနေချိန် သေဆုံးခဲ့တာလို့ဆိုပါတယ်။
“ကျေးရွာက တော်လှန်ရေးသမားတွေရှိလို့မဟုတ်ဘူးဗျ။ သပ်သပ်ကို ပြည်သူတွေရှိလို့ကိုကြဲတာဗျ။ ၁၀ ဦးထဲကအမျိုးသား ၁ ဦးကတော့ သေဆုံးသွားပြီလို့သိရတယ်ဗျ။ ကျန်တာတော့ထိခိုက်ဒဏ်ရာ မစိုးရိမ်ရဘူးလို့ သိရတယ်”လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါ့အပြင် ဗုံးကြဲမှုကြောင့် ကျေးရွာထဲက နေအိမ် ၅ လုံးပြိုကျပျက်စီးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကလည်း ရေထွက်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ် ၁ စီးနဲ့ ဗုံး ၂ လုံးကြဲချခဲ့ရာ ဓာတ်ဆီဆိုင်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၂ နှစ် နဲ့ ၃ နှစ် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ၄၀ ဦးခန့်သေဆုံးခဲ့ပါသေးတယ်။
တည်းဖြတ် – HP