myaelatt athan

Sharing Information to the Local

သန့်ဇင်အဖြေထုတ်ရမယ့် ပုစ္ဆာ(သို့မဟုတ်) စူရီယန်လက်ခ် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ ဇန်နဝါရီ ၂၄၊၂၀၂၅။

ဇန်နဝါရီ ၂၄ ရက် ဒီနေ့ည ဘန်ကောက်မြို့၊ Impact Arena မှာ ကျင်းပသွားမယ့် ONE 170 ပြိုင်ပွဲမှာ သန့်ဇင်ကတော့ ထိုင်းဖိုက်တာ စူရီယန်လက်ခ်နဲ့ ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။ 

စူရီယန်လက်ခ်ဟာ အသက် ၂၈ အရွယ်ကစားသမား ၁ ဦးဖြစ်ပြီး ONE ရဲ့မှတ်တမ်းတွေအရ ၉ ပွဲထိုးထားကာ ၆ ပွဲအနိုင်ရပြီး ဘောနပ်စ်ဆုတွေလည်း အကြိမ်ကြိမ်ရရှိထားဖူးသူဖြစ်ပါတယ်။ 

သူကတော့ ပွဲမစခင်ကတည်းက ဒီပွဲကို ဒိုင်အဆုံးအဖြတ်ထိမရောက်ချင်ဘူးလို့ပြောထားသလို သန့်ဇင်ကို အပြိုင်အဆိုင်ထိုးသတ် အနိုင်ယူပြီး ဘောနပ်စ်ဆုနဲ့အတူ ONE ရဲ့ဒေါ်လာ ၁ သိန်းတန်စာချုပ်ကို ရချင်တယ်လို့ ပြောခဲ့ပေမယ့် ဆေးစစ်ဝိတ်ချိန်တဲ့အချိန်မှာ Hydration Test ဝင်အောင်မလုပ်နိုင်တာကြောင့် ဘောနပ်စ်နဲ့တော့ လွဲသွားပါပြီ။ 

စူရီယန်လက်ခ်ဟာ ပြိုင်ဘက်ကိုဖိအားပေးထိုးသတ်သူဖြစ်ကာ အနီးကပ်လက်သီးချက်တွေက သတိထားစရာကောင်းပြီး ပြိုင်ဘက်အတော်များများဟာ အဲ့ဒီလက်သီးချက်တွေကြောင့် အမှတ်စဉ်ရေတွက်ခံရတာတွေ ရှိပါတယ်။ 

သန့်ဇင်ကိုအပြိုင်အဆိုင်ထိုးချင်တယ်လို့ပြောထားသလိုပဲ သူ့ရဲ့အရပ်အမောင်းအရ အနီးကပ်ဆိုင်ထိုးပြိုင်ထိုးမှ အားသာချက်ရယူနိုင်တာမျိုးဖြစ်ပြီး ဘယ်ညာတွဲလုံးတွေက သတိတချက်လွတ်တာနဲ့ အနိုင်အရှုံး ဆုံးဖြတ် ပေးသွားနိုင်ပါတယ်။ အများစုသောထိုင်းဖိုက်တာတွေလို ထိတာများလာရင်နောက်တွန့်သွားတတ်တဲ့ ဖိုက်တာမျိုးမဟုတ်ဘဲ သူကျကိုယ်ကျ ထိုးသတ်တာကြောင့် ONE ကအကြိုက်တွေ့တဲ့ကစားသမားလည်း ဖြစ်ပါတယ်။ 

သူ့ရဲ့အားနည်းချက်တော့ ခြေကန်ချက်သိပ်မထွက်တာနဲ့ အကွာအဝေးချိန်ပြီးထိုးသတ်တဲ့ဖိုက်တာတွေနဲ့ တွေ့ရင် အခက်တွေ့တတ်တာပဲ ဖြစ်ပါတယ်။ 

သန့်ဇင်ကတော့ ပေါက်ကွဲအားအပြည့်နဲ့ကစားတတ်တာကြောင့် ပွဲကောင်းတွေထိုးသတ်ခွင့်ရနေပါတယ်။ သူဟာ ONE ရဲ့ ဒေါ်လာ ၁ သိန်းတန်စာချုပ်ကိုမရသေးပေမယ့် အခုပွဲအပါအဝင် ထိုးသတ်ရတဲ့ ၄ ပွဲမှာ ၂ ပွဲက ပြိုင်ပွဲကြီးတွေမှာယှဉ်ပြိုင်ခွင့်ရနေတာပါ။ 

သန့်ဇင်ဟာ ဒီပြိုင်ပွဲမှာတော့ မီဒီယာတွေနဲ့ဝေးဝေးနေထားပြီး လေ့ကျင့်နေတဲ့ပုံရိပ်တွေကိုပါ ဖော်ပြတာမျိုး မလုပ်တော့တာကိုတွေ့ရပါတယ်။ ဒါဟာ သူ့အတွက်တကယ်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ခန္ဓာကိုယ် တည်ဆောက်ပုံလည်း ပိုမိုကောင်းမွန်လာတာတွေ့ရပါတယ်။ ဆေးစစ်ဝိတ်ချိန် လွတ်လွတ်ကျွတ်ကျွတ် အောင်ထားတာကြောင့် အနိုင်ရရင် ဘောနပ်စ်လည်း မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ 

သန့်ဇင်အနေနဲ့ ပြိုင်ဘက်ကို အကွာအဝေးချိန်ဆပြီးထိုးတတ်တာကြောင့် ဒီပွဲမှာအသာရနိုင်ပြီး သူ့ရဲ့မူပိုင် ကန်ချက်ပြင်းပြင်းတွေနဲ့ ဘယ်ထောက် ညာဝိုက်လက်သီးချက်တွေဟာ ပြိုင်ဘက်ကစားသမားတွေကို အခက်တွေ့စေပါတယ်။  

သန့်ဇင်မှာ လက်သီးတွဲလုံးဆက်တိုက်မထွက်တဲ့ အားနည်းချက်ရှိနေပြီး ဒီနေ့ပြိုင်ဘက်ဟာ အရင်ပြိုင်ဘက်တွေလို လွယ်လွယ်နဲ့ စင်ပေါ်ကဆင်းသွားမှာမဟုတ်ဘဲ ကိုယ့်ကိုဖိအားဆက်တိုက်ပေးနိုင်တာကို သတိပြုဖို့လိုပါလိမ့်မယ်။ 

ပွဲကောင်းတွေထိုးသတ်ခွင့်ရနေတာကြောင့် ONE ရဲ့စာချုပ်ကို သန့်ဇင်ကိုယ်တိုင်လည်း မျှော်လင့်နေမှာသေချာသလို ဆေးစစ်ဝိတ်ချိန်နဲ့ ကစားသမားမိတ်ဆက်အချိန်တွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတာလည်းတွေ့ရပါတယ်။ 

ဒီလိုယုံကြည်ချက်တွေရှိနေတဲ့သန့်ဇင်တယောက် ပြိုင်ပွဲမှာ အစွမ်းပြအနိုင်ရသွားပြီး သူမျှော်လင့်ထားတာတွေ ရနိုင်မလား၊ စူရီယန်လက်ခ်ကပဲ အနိုင်ယူသွားမလားဆိုတဲ့အဖြေကို ဒီကနေ့ ညနေမှာ သိရတော့မှာဖြစ်ပါတယ်။ 

Photo – One Lumpinee FC

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။