myaelatt athan

Sharing Information to the Local

တန်းဆင်းဇုန်နဲ့ ၈ မှတ်ပဲကွာတော့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ နိုင်ပွဲဆက်နေဆဲ လီဗာပူးလ် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၄။

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ခရစ္စမတ်ကာလဘောက်ဆင်ဒေးမှာတော့ လီဗာပူးလ်က လက်စတာကို အနိုင်ရရှိခဲ့ကာ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးကတော့သရေရလဒ်သာရရှိခဲ့လို့ ဆက်လက်ပြီး နိုင်ပွဲပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

မနေ့ည အစောပိုင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ မန်စီးတီးနဲ့ အဲဗာတန် ပွဲမှာ တစ်ဖက် တစ်ဂိုးစီသာ ရရှိခဲ့ပြီး သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီး ပင်နယ်တီရရှိခဲ့ပေမယ့် မန်စီးတီးတိုက်စစ်မှူး ဟာလန်းရဲ့ ကန်သွင်းချက်ကို အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ် ကာကွယ်နိုင်ခဲ့တဲ့အပြင် ပြန်ထွက်လာတဲ့ဘောလုံးကို ဘနာဒိုဆေးဗားရဲ့ပေးပို့မှုကတဆင့် ဟာလန်း ထပ်မံပိတ်သွင်းယူနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့ တစ်ဂိုးစီ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ အခုပွဲအပါအဝင် ပြိုင်ပွဲစုံနောက်ဆုံး ၁၃ ပွဲမှာ ၉ ပွဲရှုံး၊ ၃ ပွဲသရေနဲ့ ၁ ပွဲသာ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။

အဆင့် ၂ နေရာမှာရှိနေပြီး ရလဒ်ကောင်းတွေဖော်ဆောင်နိုင်နေတဲ့ ချဲလ်ဆီးအသင်းကလည်း မနေ့ညက ဖူလ်ဟမ်အသင်းကို အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ပွဲအစ ၁၆ မိနစ်မှာတင် ကိုးလ်ပါးမာရဲ့ ဦးဆောင်ဂိုးနဲ့ ချဲလ်ဆီးတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ထပ် သွင်းဂိုးမရရှိတော့ဘဲ ၈၂ မိနစ်နဲ့ နာကျင်အချိန်ပို ၉၅ မိနစ်တို့မှာ ဖူလ်ဟမ်အသင်းကို ချေပဂိုးနဲ့အနိုင်ဂိုး ခွင့်ပြုခဲ့ရပြီး ၁-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

ဒါ့အပြင် အမော်ရင်ရဲ့ ယူနိုက်တက်တို့ဟာလည်း ပုံစံကောင်းပျောက်ဆုံးနေဆဲဖြစ်ပြီး ဝုဗ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါသေးတယ်။ ပထမပိုင်းမှာ ဝုဗ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် သွင်းဂိုးမရရှိခဲ့တဲ့ ယူနိုက်တက်တို့ဟာဒုတိယပိုင်း ပွဲအစမှာပဲ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက် အနီကတ်နဲ့ ထုတ်ပယ်ခံရတာကြောင့် ၁ ယောက်လျော့နဲ့ယှဉ်ပြိုင်ခဲ့ရပြီး ဝုဗ် ကို အရေးနိမ့်ရတာပါ။ ဒီပွဲမှာ ထောင့်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းပြီး ဝုဗ်အသင်း ဦးဆောင်ဂိုး ရခဲ့တဲ့အပြင် နာကျင်အချိန်ပို နောက်ဆုံးမိနစ် တန်ပြန်တိုက်စစ်ကနေ အနိုင်သေချာစေမယ့် ဒုတိယဦးဆောင်ဂိုး ရရှိခဲ့တာကြောင့် ပွဲအပြီးမှ ၂ ဂိုး ဂိုးမရှိရလဒ်နဲ့ ယူနိုက်တက်တို့ အရေးနိမ့်ခဲ့ရပါတယ်။ ဒီပွဲစဉ်အပြီးမှာ ယူနိုက်တက်အသင်းဟာ တန်းဆင်းဇုံနဲ့ ၈ မှတ်အကွာ အဆင့် ၁၄ နေရာအထိ ရောက်ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ယမန်နေ့ည နောက်ဆုံးပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးလ်နဲ့ လက်စတာအသင်း ပွဲစဉ်မှာတော့ လီဗာပူးလ်တို့ ၃-၁ ရလဒ်နဲ့ အိမ်ကွင်းနိုင်ပွဲရရှိခဲ့ပြီး အမှတ်ဇယားကို ဖိအားကင်းကင်းနဲ့ ဆက်လက်ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ လက်စတာတို့က ပွဲအစ ၆ မိနစ်မှာတင် ဦးဆောင်ဂိုးရခဲ့ပေမယ့် ပထမပိုင်းနာကျင်အချိန်ပိုမှာ ဂက်ပိုရဲ့ အဝေးကန်ချက်နဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဒါ့အပြင် အိမ်ရှင်လီဗာပူးလ်တို့က ပွဲစဉ်တလျှောက်လုံး တိုက်စစ်ပြီးတိုက်စစ်ကစားခဲ့ကာ ၄၉ မိနစ်မှာ ကာတစ်ဂျုံး ၈၂ မိနစ်မှာ ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရလဒ်ကို ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ မိုဟာမက်ဆာလာရဲ့ ကန်သွင်းချက်တွေ ဂိုးအဖြစ်မရရှိခဲ့ဘဲ အကြိမ်ကြိမ်လွဲချော်ခဲ့လို့သာ ဒီထက် ဂိုးမပြတ်ခဲ့တာလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးလ်အသင်းဟာ အဆင့် ၂ က ချဲလ်ဆီးထက် ၁ ပွဲလျော့ကစားထားပြီး ၇ မှတ်အထိ ဖြတ်ထားနိုင်ကာ အမှတ်ပေးဇယားကို သက်တောင့်သက်သာနဲ့ပဲ ဆက်လက်ဦးဆောင်ထားနိုင်ပါသေးတယ်။

ဒါ့အပြင် ဒီရာသီမှာ အားလုံးမထင်မှတ်ထားတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာလည်း စပါးစ်အသင်းကို အနိုင်ယူပြီး အဆင့် ၃ အထိ တက်လှမ်းလာနိုင်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။