myaelatt athan

Sharing Information to the Local

ရာသီအကြိုခြေစမ်းပွဲမှာ အာဆင်နယ်နဲ့ ယူနိုက်တက် ဘယ်သူအနိုင်ရရှိသွားမလဲ (အားကစားသတင်း)

0 0
0 0

မြေလတ်အသံ၊ ဇူလိုင် ၂၇၊၂၀၂၄။

အမေရိကန်နိုင်ငံမှာ US Tour 2024 အဖြစ် ရာသီကြိုခြေစမ်းပွဲသွားရောက်ယှဉ်ပြိုင်နေတဲ့ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ တွေ့ဆုံပြီး ခြေစမ်းပွဲယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ယူနိုက်တက်တို့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲတွေမှာတော့ ယူနိုက်တက်က ရိန်းဂျားကို ၂-၀ ရလဒ်နဲ့ အနိုင်ရရှိထားကာ အာဆင်နယ်က ဘုန်းမောက်ကို မိနစ် ၉၀ အတွင်း ၁-၁ နဲ့သရေကျခဲ့ပြီး ပင်နယ်တီမှာ ၅-၄ နဲ့ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။

ယခုအချိန်ဟာ ဩဂုတ်လအတွင်းမှာ ပြန်လည်စတင်မယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် အသင်းတွေက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြကာ အပြောင်းအရွှေ့ကာလအတွင်း လူသစ်ဝယ်ယူမှုတွေလည်းပြုလုပ်ပြီး အသင်းအင်အားဖြည့်တင်းတာတွေ၊ ကစားသမား အပြောင်းအလဲတွေနဲ့ အသင်းအထိုင်ကျဖို့ ပြန်လည်ပြင်ဆင်ကြတဲ့ကာလ ဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်အသင်းဟာ လိုင်လီအသင်းက ပြင်သစ်နိုင်ငံသား အသက် ၁၉ နှစ်အရွယ် ဗဟိုနောက်ခံလူ လီနေး ယိုရိုနဲ့ ဘိုလော့နာအသင်းက နယ်သာလန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူး ဂျော့ရှုဝါ ဇာခ့်ဇီး တို့ကို ခေါ်ယူအားဖြည့်ထားပြီး ဒေါ့မွန်အသင်းကို အငှားချထားတဲ့ တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုလည်း အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းလာခဲ့ပြီဖြစ်လို့ ယူနိုက်တက်တို့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ အလားအလာတွေ ရှိနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့နှစ်က အငှားခေါ်ယူထားတဲ့ ဘရန်ဖို့ဒ်အသင်းက စပိန်ဂိုးသမား အသက် ၂၉ နှစ်အရွယ် ဒေးဗစ်ရာယာကို အပြီးသတ်ခေါ်ယူနိုင်ခဲ့တာအပြင် အခြားကစားသမား ခေါ်ယူနိုင်မှုတွေ မရှိသေးပေမယ့် ဘိုလော့ဂ်နာ အသင်းက အီတလီနိုင်ငံသား အသက် ၂၃ နှစ်အရွယ် ဘယ်နောက်ခံလူ ရီကာဒို ကာလာဖီအိုရီ ကို ခေါ်ယူနိုင်ဖို့ကြိုးစားနေပြီး လက်ရှိအချိန်အထိ မခေါ်ယူနိုင်သေးပါဘူး။ လူသစ်ခေါ်ယူမှုနည်းပါးနေသေးပေမယ့် မနှစ်က ပုံမှန်ခြေစွမ်းကောင်းပြသနိုင်ခဲ့တဲ့ အာဆင်နယ်တို့ ခြေစွမ်းကို ဆက်လက် ထိန်းသိမ်းထားနိုင်မလား ကြည့်ရမှာပါ။

ရာသီကြို ချစ်ကြည်ခြေစမ်းပွဲတွေရဲ့ထုံးစံအတိုင်း အနိုင်အရှုံးရလဒ်ထက် အသင်းလိုက် ကစားကွက် ကစားဟန်၊ ကစားသမားအသစ်တွေရဲ့ အခြေအနေနဲ့ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းကို စမ်းသပ်ကြတဲ့ပွဲမျိုး ဖြစ်တဲ့အတွက် အသင်းလိုက်စုဖွဲ့မှုအနေအထားကို လေ့လာကြည့်ရှုရမယ့် ပွဲမျိုး ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ယူနိုက်တက်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်ကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့က ဆိုဖီကွင်းမှာ ဒေသစံတော်ချိန် ဇူလိုင် ၂၇ ရက် ညနေ ၅ နာရီ (မြန်မာစံတော်ချိန် ဇူလိုင် ၂၈ ရက် မနက် ၆ နာရီ ၃၀ မိနစ်) မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဘယ်အသင်းက အနိုင်ရရှိသွားမလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။

US Tour 2024 ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူးလ်၊ ဘာစီလိုနာစတဲ့ ဥရောပအသင်းကြီးတွေရဲ့ ပွဲစဉ်တွေလည်း ပါဝင်ပါတယ်။

Photo – SoFi Stadium Twitter.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။