myaelatt athan

Sharing Information to the Local

မြေလတ်အသံ၏ အမျိုးသမီးသတင်းထောက်နှင့် ပါတနာဖြစ်သူအား ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းအပေါ် ရှုတ်ချခြင်း

0
0

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၄။

ကျွန်ုပ်တို့ မြေလတ်အသံ သတင်းဌာန၌ သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေသည့် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှ အမျိုးသမီး သတင်းထောက် မငြိမ်းချမ်းစုကြည် (ခ) ငြိမ်းချမ်းမေနှင့် ၎င်း၏ Partner ဖြစ်သူ Transgender အမျိုးသမီးတဦးအား ဒီဇင်ဘာ ၁၄ ရက် ည ၉ နာရီအချိန်၌ ဝင်းကျော်ဆိုသည့် အမျိုးသားက ကိုယ်ထိလက်ရောက် တိုက်ခိုက်စော်ကားမှု ပြုလုပ်ခဲ့သည်။

အခင်းဖြစ်ပွားသည့်အချိန်၌ မငြိမ်းချမ်းမေသည် အင်တာနက်ဆိုင်အတွင်း အင်တာနက် အသုံးပြုကာ အလုပ် တာဝန်ထမ်းဆောင်နေသည့်အချိန် ဖြစ်သကဲ့သို့ ကျွန်ုပ်တို့ မြေလတ်အသံသတင်းဌာန၌လည်း သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေသည်ကို ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခဲ့သည့် အမျိုးသားက သိရှိထားပြီးဖြစ်သည်။

ယင်းအခြေအနေတွင် အဆိုပါအမျိုးသားက သတင်းထောက်ငြိမ်းချမ်းမေ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အပြင် ငြိမ်းချမ်းမေ၏ သတင်းထောက်အလုပ်နှင့် အလုပ်လုပ်နေသည့် သတင်းဌာနကိုပါစော်ကားပြောဆိုမှုများလုပ်ခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းမေ၏ Partner ဖြစ်သူ သော်သော်(Transgender အမျိုးသမီးတဦး) ကိုလည်း နှုတ်အားဖြင့်စော်ကားပြောဆိုပြီးနောက် မျက်နှာကို ကိုယ်ထိလက်ရောက် ထိုးနှက်မှုများ ပြုလုပ်ခဲ့သည်။

အခင်းဖြစ်ပွားသည့်အချိန်တွင် အင်တာနက်ဆိုင်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များနှင့် အရာရှိတချို့လည်း ရှိနေပြီး ၎င်းတို့မှ ဖြစ်စဥ်အပေါ် တစုံတရာ ကြားဝင်ဖြန်ဖြေတားမြစ်ခြင်းမရှိခဲ့ကြောင်း သိရသည်။

အမျိုးသမီးသတင်းထောက် ငြိမ်းချမ်းမေနှင့် ၎င်း၏ Partner ဖြစ်သူအား ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း လိင်ပိုင်းဆိုင်ရာ တိုင်းထွာဆဲဆိုခြင်းအပြင် ကိုယ်ထိလက်ရောက် အကြမ်းဖက်ရိုက်နှက်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချသည်။ ဤသို့ပြုမူခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် အမျိုးသမီးများအပေါ် နိုင့်ထက်ပြုမူစော်ကားခြင်းအဖြစ် ကျွန်ုပ်တို့ မြေလတ်အသံသတင်းဌာနက ရှုမြင်ရှုတ်ချသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ရင်းနှင့် သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များအနေဖြင့်လည်း အမျိုးသမီးသတင်းထောက် အပါအဝင် အမျိုးသမီး ၂ ဦး ကိုယ်ထိလက်ရောက်စော်ကားမှုခံရခြင်းအပေါ် တရားမျှတမှုရှိရှိ ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ မြေလတ်အသံသတင်းဌာနက မေတ္တာရပ်ခံတိုက်တွန်းအပ်သည်။

ထို့အပြင် အမျိုးသမီးများအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူ ဝင်းကျော်သည် အရာတော်မြို့နယ်အတွင်း စီးပွားရေးလုပ်ကိုင်နေသကဲ့သို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်လည်း နီးစပ်သူဖြစ်သည်ဟု စုံစမ်းသိရှိရသဖြင့် ကျွန်ုပ်တို့၏သတင်းထောက် ငြိမ်းချမ်းမေနှင့် ၎င်း၏ Partner ဖြစ်သူ၏ လုံခြုံရေးကို အထူးစိုးရိမ်ပူပန်မိသည်။

သို့ဖြစ်၍ NUG လက်အောက်ခံ အရာတော်မြို့နယ် ပကဖ၊ ပအဖ၊ ပလဖနှင့် PDF တပ်ရင်းများအနေဖြင့် သတင်းထောက်ငြိမ်းချမ်းမေနှင့် ၎င်း၏ Partner တို့ လုံခြုံမှုရရှိစေရေးအား ကူညီဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မြေလတ်အသံသတင်းဌာနက မေတ္တာရပ်ခံ တိုက်တွန်းအပ်သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။