myaelatt athan

Sharing Information to the Local

သွေးစွန်းခဲ့သည့် မေလနှင့် ကာကွယ်ရေးဝန်ကြီး၏ ကတိစကား (အယ်ဒီတာ့အာဘော်)

0
0

မြေလတ်အသံ၊ မေ ၂၀၊ ၂၀၂၄။

ယခုမေလသည် အညာဒေသမှ ဒေသခံပြည်သူ အများအပြားသေဆုံးခဲ့ရသည့်လ၊ သွေးစွန်းခဲ့ရသည့် မေလ ဟု ဆိုရမည်။

မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာတွင် မေလ ၉ ရက်၌ စစ်အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၆ ဦးသေဆုံးခဲ့ရသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာ၌လည်း မေလ ၉ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားပြီး ကလေး၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အို အပါအဝင် အရပ်သားပြည်သူ ၃၄ ဦးသေဆုံးခဲ့သည်။ မည်သည့်အဖွဲ့က သတ်သည်ကို မသိရသည့်တိုင် ကြားထဲက အရပ်သားပြည်သူများ၏ အသက်များ ဆုံးရှုံးခဲ့ရသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာ၌လည်း မေလ ၁၁ ရက်မှာ စစ်ကောင်စီက ဒေသခံပြည်သူ ၃၀ ကျော်ကိုဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။

ဒီပဲယင်းမြို့နယ်တောင်ပိုင်းရှိ မကြီးအုပ်ကျေးရွာကိုလည်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ရသေးသည်။

အထက်ပါဖြစ်စဉ်များသည် အညာဒေသ၌ မေလအတွင်း ရက်ပိုင်းသာခြားကာ ဆက်တိုက်ဆိုသလို ဒေသခံ ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များဖြစ်သည်။ ရက်ပိုင်းအတွင်းသေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်မှာ ၁၀၀ ဝန်းကျင်အထိရှိသည်။

အညာဒေသရှိ ပြည်သူများကို သတ်ဖြတ်ရခြင်းသည် စစ်ကောင်စီအတွက် မထူးဆန်းတော့သကဲ့သို့ဖြစ်လာခြင်း၊ ထို့နည်းတူ တော်လှန်ရေးကြာရှည်လာသည့်အခါ တော်လှန်ရေး၌ပါဝင်ကြသူများကိုယ်တိုင်ကလည်း ယခုကဲ့သို့ အညာဒေသ၌ အစုလိုက်အပြုံလိုက် အသတ်ခံနေရခြင်းသည် မထူးဆန်းသည့်ကိစ္စရပ်သကဲ့သို့ ရှုမြင်လာမည်ကို လွန်စွာ စိုးရိမ်မိသည်။

အညာဒေသက အရပ်သားပြည်သူများ ယင်းကဲ့သို့အဖြစ်ဆိုးဖြင့် သေဆုံးခဲ့ရခြင်းအတွက် ကျွန်ုပ်တို့ မြေလတ် အသံသတင်းဌာနက အထူးပင်ဝမ်းနည်းကြေကွဲရသည်။

အညာဒေသတွင် ဤကဲ့သို့အဖြစ်ဆိုးများနှင့်ကြုံနေရသည့်အချိန်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ထံက မြေပြန့်ဒေသမဟာဗျူဟာထိုးစစ် စတင်တော့မည်ဟူသော သတင်းစကားတခုကြားသိရသည်။

မေ ၁၄ ရက် အမှတ် ၁ စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးကဦးစီးသည့် NCO အကြပ်သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဝန်ကြီးက အထက်ပါအတိုင်း သတင်းစကားပြောလိုက်ခြင်း ဖြစ်သည်။

လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများအရ မကြာခင်ကာလ၌ အင်အားတည်ဆောက်ပြီး ပြည်သူ အားလုံးလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီနှင့် လွတ်လပ်မှု၊ တရားမျှတမှု၊ တည်ငြိမ်အေးချမ်းမှုများကို ဖော်ဆောင်နိုင်ရန် မြေပြန့်ဒေသ မဟာဗျူဟာ ထိုးစစ်စတင်ပြီး အဆုံးသတ်တိုက်ပွဲ ဆင်နွှဲတော့မည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယင်းသို့ကြားရခြင်းအတွက် ကျွန်ုပ်တို့မြေလတ်အသံသတင်းဌာနမှ အထူးဝမ်းမြောက်သကဲ့သို့ လက်နက်ကိုင် တော်လှန်ရေးအတွက် လိုအပ်ချက်ပေါင်းများစွာရှိနေသည့် အညာဒေသ၌ တကယ့်လက်တွေ့လုပ်လာမည့် အရေးကိုလည်း လှိုက်လှဲစွာကြိုဆိုပါသည်။

အညာဒေသရှိပြည်သူများ၏ အသက်အိုးအိမ်များ ထပ်မံမဆုံးရှုံးရစေရန် တော်လှန်ရေးဦးဆာင်အဖွဲ့များက အညာတော်လှန်ရေးအင်အားစုများ၏ လိုအပ်နေသည့်အကူအညီများ အမြန်ဆုံးပေးနိုင်ရန် ကျွန်ုပ်တို့မြေလတ်အသံသတင်းဌာက အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။