တောင်ကျရေကြောင့် နေအိမ်ဆယ်ချီမျောပါပြီး ဒေသခံ ၅၀၀ ကျော်ရေဘေးရှောင်နေရ

ရေတာရှည်၊ ဇူလိုင် ၁၂၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ သိုင်းချောင်း တောင်ကျရေကြောင့် နေအိမ် ၅၀ ကျော်ရေထဲမျောပါပြီး ဒေသခံပြည်သူ ၅၀၀ ကျော်ရေဘေးရှောင်နေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေဆီက သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး သိုင်းချောင်းတောင်ကျရေ စီးဆင်းလာတာကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း မိုင်တိုင် ၁၆၇ နဲ့ ၁၆၉ မိုင်အကြားရှိ ၆ မိုင်၊ ၇ မိုင်နဲ့ ဇီးဖြူပင်ရွာတွေက နေအိမ်တွေ ဇူလိုင် ၁၂ ရက် မနက်ပိုင်းမှာ ရေထဲမျောပါကုန်တယ်လို့ ဆိုပါတယ်။

“တောင်ကျရေပေါ့ သာဂရအနောက်ဘက် အမြန်လမ်းအနောက်ဘက်က တောင်တွေကိုး။ မနေ့က ညကတည်းက မိုးအရမ်းရွာလိုက်တော့ တောင်ကျရေတွေစီးလာတာကိုး။ ရွာတွေမှာရှိတဲ့အိမ်တွေက ရေစီးတအားသန်တော့ ပါကုန်တာ။”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။

ရေစီးသန်တာကြောင့် ၆ မိုင်ရွာက နေအိမ် ၂၀ ကျော်၊ ၇ မိုင်ရွာက နေအိမ် ၈ လုံး၊ ဇီးဖြူပင်ရွာက နေအိမ် ၂၅ လုံးကျော် မျောပါသွားသလို အိမ်တွင်းပစ္စည်းတွေလည်း ပါကုန်တယ်လို့ ဆိုပါတယ်။

မျောပါသွားတဲ့နေအိမ်အများစုဟာ ဖက်မိုး၊ ထရံကာနေအိမ်တွေဖြစ်ပြီး လူတွေကတော့ အချိန်မီ ရွှေ့ပြောင်းနိုင်လိုက်တာကြောင့် လူထိခိုက်သေဆုံးတာမရှိခဲ့ဘူးလို့ အထက်ပါကူညီပေးနေသူက ဆက်ပြောပါတယ်။

၆ မိုင်ရွာမှာ အိမ်ခြေ ၄၀ ခန့်၊ ၇ မိုင်ရွာမှာ အိမ်ခြေ ၃၀ ကျော်၊ ဇီးဖြူပင်ရွာမှာ အိမ် ၅၀ ကျော်ရှိကာ လက်ရှိမှာ ရေဘေးရှောင်တွေအတွက်က စားသောက်စရာတွေနဲ့ နေအိမ်တွေမျောပါသွားတာကြောင့် နေအိမ်တွေပြန်ဆောက်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ တောင်ကျရေက ဆက်လက်စီးဆင်းနေတာကြောင့် ကျေးရွာအနိမ့်ပိုင်းတွေမှာ ရေအမြင့် ၆ ပေ၊ အမြင့်ပိုင်းတွေမှာတော့ ၂ ပေကျော်ရေတက်နေပြီး ဒေသခံ ၅၀၀ ကျော်လောက်ကတော့ ၆ မိုင်ကျေးရွာဘုန်းကြီးကျောင်းမှာဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းမှာ ပြောင်းရွှေ့နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၁၆၇ မှ ၁၆၉ အကြားကားလမ်းပေါ်မှာ ရေ ၂ ပေခန့်ကျော်နေကာ ကားတွေကတော့ပုံမှန်သွားလာနေကြတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။