myaelatt athan

Sharing Information to the Local

စစ်သင်္ဘောအုပ်စုကိုရှောင်မောင်းရာက ကုန်တင်သင်္ဘောမှောက်ပြီး လူ ၄ ဦးပျောက်ဆုံးနေ

မြင်းမူ၊ ဇူလိုင် ၁၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်းမှာ ကုန်တင်သင်္ဘော ၁ စီးတိမ်းမှောက်ပြီး လူ ၄ ဦးပျောက်ဆုံးနေတယ်လို့ မြင်းမူအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

အဆိုပါသင်္ဘောဟာ ဇူလိုင် ၅ ရက်က မုံရွာကနေ မန္တလေးဘက်ကို ရေကြောင်းအတိုင်းမောင်းနှင်လာတဲ့ ကုန်တင်သင်္ဘောဖြစ်ပြီး ဖြစ်စဉ်နေရာအရောက်မှာ စစ်သင်္ဘောအုပ်စုနဲ့ ထိပ်တိုက်တွေ့လို့ တိမ်းရှောင်မောင်းနှင်ရာက တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

” စစ်သင်္ဘောလာတာ ကြောက်ပြီးတော့ ဘေးကပ်မောင်းတာ။ အဲ့နားတွေက ကျောက်ဆောင်တွေရှိတယ်။ ကျောက်ဆောင်တွေဝင်တိုက်ပြီး မှောက်တာ။ ပြည်သူသင်္ဘောပါ။ စစ်သင်္ဘောက ဆီမီးခုံဘက်ကို သွားတာ။ စစ်သင်္ဘော ၁ စီး ထောက်ပို့လှေတွေပါဆို ၁၉ စီး။ အလုံးအရင်းဆိုတော့ကြောက်ပြီး ဘေးကပ်မောင်းရင်းမှောက်တာ”လို့ မြင်းမူဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

တိမ်းမှောက်တဲ့သင်္ဘောဟာ “ချင်းတွင်းလတ်”အမည်ပါ ကုန်တင်သင်္ဘောဖြစ်ပြီး သင်္ဘောပေါ်မှာ စက်မောင်းနှင်သူအပါ လုပ်သား ၇ ဦး ပါဝင်ပြီး စက်သုံးဆီ၊ ဆန်၊ အခြေခံစားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေတင်ဆောင်လာတယ်လို့ သိရပါတယ်။

သင်္ဘောတိမ်းမှောက်မှုကြောင့် သင်္ဘောပေါ်ပါသူ ၇ ဦးစလုံး ရေနစ်မြုပ်ခဲ့ကာ အဲ့ဒီထဲက ၃ ဦးကိုသာ အသက်ရှင်လျက် ဇူလိုင် ၅ ရက်မှာ နေ့ချင်းပြန်လည်ကယ်ဆယ်ရရှိခဲ့ပေမယ့် ၄ ဦးကတော့ ဒီကနေ့ ဇူလိုင် ၁၂ ရက်အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

တိမ်းမှောက်သွားတဲ့ သင်္ဘောပေါ်ပါကုန်ပစ္စည်းတွေထဲက အလွယ်တကူသယ်ယူလို့ရတဲ့ ပစ္စည်းတွေကို အနီးအနားနေပြည်သူတွေက ဝိုင်းဝန်းဆယ်ယူပေးခဲ့ကြပြီး သင်္ဘောအောက်ပိနေတဲ့ ပစ္စည်းတွေကိုတော့ ထုတ်ယူလို့မရသေးပါဘူး။

ဒါ့အပြင် တိမ်းမှောက်နေတဲ့သင်္ဘောကိုလည်း ဇူလိုင် ၁၂ ရက်အထိ ပြန်လှန်မဆယ်ယူနိုင်သေးဘဲ တိမ်းမှောက်တဲ့နေရာအနီးဝန်းကျင်မှာပဲ ကြိုးတွေနဲ့ဆွဲထားပြီး မျောပါမသွားအောင်ထိန်းထားရတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။