မြိုင်၊ ဇူလိုင် ၅၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အိုရင်းကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီး ၂ စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ ဦးထိမှန်သေဆုံးခဲ့တယ်လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း (မြိုင်) ဆီက သိရပါတယ်။
ဇူလိုင် ၅ ရက် ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၃ နှစ်အရွယ် အမျိုးသား ၁ ဦးရဲ့ ကျောဘက်ကိုထိမှန်ပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။
“တောထဲမှာလည်းရှောင်နေကြရတယ်။ တချို့တလေ ရွာပြန်လာကြတာပေါ့၊ ရွာထဲကိုတစ်လုံးကျတာ ရွာအပြင်နှစ်လုံးကျတာ ရွာထဲကိုကျတဲ့တစ်လုံးကနေအိမ်ရှေ့က ဝါးရုံပင်မှာ ပုန်းနေတဲ့အမျိုးသားတစ်ဦး ထိမှန်သေဆုံးတာပေါ့”လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း (မြိုင်) တာဝန်ရှိသူက ပြောပါတယ်။
ခုလိုလေကြောင်းတိုက်ခိုက်မှုတွေရှိနေတာကြောင့် ကျေးရွာနေပြည်သူတွေကိုလည်း လေကြောင်းရန် အသိပညာပေးဟောပြောပွဲတွေပြုလုပ်ဖို့လည်းလိုအပ်နေတယ်လို့ ဆိုပါတယ်။
“အမှန်ကတော့ အသိပညာပေးဟောပြောပွဲတွေဘာတွေမရှိတော့ လူထုကလည်း မသိကြတာပါ။ မြို့နယ်ကလည်း လာလုပ်ပေးတာလည်းမကြားဖူးပါဘူး။ တကယ်လို့သာ ရှောင်နည်းတိမ်းနည်း အသိပညာတွေရှိရင် အသက်မဆုံးရှုံးလောက်ဘူးပေါ့” လို့အညာမြေအရပ်ဖက်အဖွဲ့အစည်း(မြိုင်)မှ တာဝန်ရှိသူတစ်ဦး ကဆိုပါတယ်။
ဒါ့အပြင် အိုးရင်းကျေးရွာနဲ့ ၃ မိုင်ခန့်အကွာ ကမ္မမြို့တဝိုက်ရောက်ရှိနေတဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်ကြောင်းကလည်း အင်အားထောင်ကျော်ရှိနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကြောင်းသွားနိုင်ဖို့ လေကြောင်းကနေ နေ့စဥ်နီးပါး ပစ်ကူပေးလေ့ရှိကာ ဇူလိုင် ၄ ရက် မနက် ၆ နာရီခန့်ကလည်း ကမ္မအနီးတဝိုက်ကို Y8 လေယာဥ်နဲ့ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်အမျိုးသား ၂ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း