ကညှပ်ရွာကို စစ်တပ် မီးရှို့ခံရကာပြည်သူတွေကို ဓါးစာခံအဖြစ် ဖမ်းဆီး၊တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးလည်းကျဆုံး

စလင်း ၊ ဇူလိုင် ၄၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကညှပ်ရွာကို စစ်တပ်ဝင်‌ရောက်စီးနင်းပစ်ခတ်ခဲ့တာမို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးကာ ဒေသခံတွေလည်း ဖမ်းဆီးခံလိုက်ရတယ်လို့‌ဒေသခံတွေဆီက သိရပါတယ်။

မိုးဝန်းရွာကနေထွက်လာတဲ့ အင်အား ၁၀၀ ပါစစ်ကောင်စီစစ်ကြောင်းက ဇူလိုင် ၄ ရက်၊ ဒီနေ့ မနက် ၈ နာရီခွဲလောက်မှာ ကညှပ်ရွာကိုဝင် ရောက်လာချိန်မှာ ထမင်းစားနေတဲ့ ကျေးရွာပကဖတွေကိုတွေ့ပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ ဒီပစ်ခတ်ခံရမှုမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရဲဘော်တဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ရွာထဲမှာရှိနေတဲ့ ဒေသခံတွေကိုလည်းဖမ်းဆီးကာ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“မိုးဝန်းရွာကနေ စလင်းမြို့ဘက်ကို အပြန်ပြပြီး ပြန်ဝင်လာတာ။အရင်တခါလည်း အရှို့ခံရပြီးပြီ၊ အခုဟာက ဒုတိယအကြိမ် မီးရှို့ခံရတာ၊ ရဲဘော်တွေလည်း ထမင်းစားတုန်းအဝိုင်းခံလိုက်ရတယ်။ စလင်း ပကဖ ပါ။ရဲဘော်တဦးလည်း ကျတယ်။ဓါးစာခံအဖြစ် လူကြီး၊ လူငယ်နဲ့ ကလေးတွေကို ဖမ်းခေါ်သွားပါတယ်၊ ကညှပ်ရွာက ပြည်သူတွေ ပါသွားတာ၊ လူဦးရေတော့ အတိအကျမသိရသေးဘူး၊ တော်တော်များများတော့ပါသွားတယ်”လို့ စလင်းမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

ကညှပ်ရွာဟာ အိမ်ခြေ ၁၂၈ အိမ်၊ အိမ်ထောင်စု ၁၉၅ စု၊ လူဦးရေ ၅၀၂ ဦးရှိပြီး လက်ရှိမှာတရွာလုံးစစ်‌ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စလင်းမြို့နယ်၊ ပေါင်လောင်ရွာ ပဲဝယ်တဲ့ဂိုဒေါင်မှာ လက်နက်ကြီးဆင်ပြီး အထိုင်ချတပ်စွဲထားသလို နောက်ထပ်စစ်ကား ၃ စီးလည်း သာစည်ရွာမှာ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

စလင်းမြို့နယ်ထဲကို စစ်တပ်စစ်ကြောင်းတွေ မကြာခဏဝင်မွှေနေပြီး ဂုန်ကုန်းရွာ၊ တပ်ပြင်ရွာ၊ ပေါင်လောင်ရွာ၊ မင်းတဲရွာ၊ ကျက်သကိုင်ရွာ၊ တောတွင်ရွာ၊ သာစည်ရွာ၊ မိုးဝန်းရွာ၊ မြောင်းမကုန်းရွာ၊ သရက်ချဉ်ရွာ၊ သမြင်ကင်းရွာ၊ အုံးတောရွာ၊ ကျီးသိုက်ရွာ၊ ကညှပ်ရွာ၊ နောင်တော်ကြီးရွာ၊ နောင်တော်လေးရွာ၊ ဥယာဉ်စုရွာတို့က ဒေသခံ ၆,၀၀၀ ကျော်လည်း စစ်ဘေးရှောင်နေရတာ ၆ လလောက်ရှိပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းက မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျီးသိုက်ရွာနဲ့ သမြင်ကင်းရွာတို့က နေအိမ်တွေကို မီးရှို့သွားခဲ့ပါသေးတယ်။

စာတည်း – မြတ်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။