ကရင်နီနယ်ထဲဗုံးလာကြဲတဲ့ တိုက်လေယာဥ်ဖြစ်ပြီး ကင်းထောက်လေယာဥ်နဲ့ ညလုံးပေါက်ရှာဖွေခဲ့ဟုဆို
မြေလတ်အသံ၊ ဇူလိုင် ၃၊ ၂၀၂၅။
စစ်ကောင်စီအဆက်အသွယ်ပြတ်တောက်နေတဲ့ တိုက်လေယာဥ်ကို ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ အနီးတွေ့ရှိကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အတည်ပြုပါတယ်။
ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဖားဆောင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်ရေးလုပ်ဆောင်ရာက ပျက်ကျခဲ့တဲ့ စစ်ကောင်စီတိုက်လေယာဥ်အပျက်အစီးတွေကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါတိုက်လေယာဥ်ဟာ ဖားဆောင်းမြို့နယ်အခြေစိုက် ခလရ ၁၃၄ အနီးကို ဗုံးလာကြဲတဲ့တိုက်လေယာဥ်ဖြစ်ပြီး အခင်းဖြစ်ညမှာ ကင်းထောက်လေယာဥ်နဲ့ ညလုံးပေါက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြောင်း မြေပြင်အခြေအနေသိရှိထားသူ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။
“ ၁ ရက်နေ့ည ၁၀ နာရီခွဲ ၊ ၁၁နာရီလောက်က (ခလရ ၁၃၄ တဝိုက်ကို) လေယာဥ် ၂ စီး လာကြဲတယ်ဗျ။ ၁ စီးကတော့ ထိုးဆင်းပြီး ပြန်တက်သံကြားပေမဲ့၊ ၁ စီးကတော့ ပြန်တက်သံမကြားရဘူး။ အဲ့ဒါပြီးတော့ ကင်း ထောက်က ၁ ညလုံးပတ်နေတာ မိုးလင်းတဲ့အထိပဲ။ ကင်းထောက်အောက်မှာ အစိမ်းရောင်မီးလင်းနေတာကိုတော့ တွေ့လိုက်ကြပါတယ်” လို့ ၎င်းက ပြောပါတယ်။


အဆိုပါကင်းထောက်လေယာဥ်ဟာ သာမာန်ထက်အနိမ့်ပျံသန်းပြီး ခလရ ၁၃၄ နဲ့ အနီးတဝိုက်ကို ဗုံးကြဲပြီးချိန်ကစတင်ကာ ဇူလိုင် ၂ ရက်မနက်အစောပိုင်းအထိ ညလုံးပေါက်ပတ်လည်ပျံသန်းရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဇူလိုင် ၁ ရက် ညပိုင်းမှာ တိုက်လေယာဥ် ၁ စီး နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာမှာ ရေဒါမြင်ကွင်းကနေပျောက်ကွယ်ပြီး အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပျက်ကျခဲ့တဲ့တိုက်လေယာဥ်ဟာ လေယာဥ်အမှတ် 1409 ၊ FTC-2000 G အမျိုးအစား တိုက်လေယာဥ်ဖြစ် ကြောင်းသိရကာ စစ်ကောင်စီက အဆက်အသွယ်ပြတ်နေတဲ့တိုက်လေယာဥ်အမျိုးအစားကို ထည့်သွင်းထုတ်ပြန်တာမရှိဘဲ စက်ချို့ယွင်းတာ(သို့မဟုတ်)ရာသီဥတုဆိုးဝါးတာကြောင့်လို့ ခန့်မှန်းထားပြီး ရှာဖွေမှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် တိုက်လေယာဥ် ၁ စီးနဲ့ သယ်ယူပို့ဆောင်ရေးရဟတ်ယာဥ် ၁ စီး မေနဲ့ဇွန်လအတွင်း စစ်ဆင်ရေးတွေမှာအသုံးပြုရင်း ပျက်ကျခဲ့ပြီး KIA နဲ့ PLA တပ်ဖွဲ့တွေဘက်က ၎င်းလေယာဥ်၊ ရဟတ်ယာဥ်တွေကို ပစ်ချနိုင်ခဲ့တာဖြစ်ကြောင်း ပြောဆိုပေမယ့် စစ်ကောင်စီဘက်ကတော့ ရုတ်တရက်စက်ချို့ ယွင်းတာကြောင့်လို့ ဖော်ပြပါတယ်။
ဇူလိုင် ၁ ရက် ညပိုင်းက ရေဒါကနေပျောက်ကွယ်ပြီး အဆက်အသွယ်ပြတ်တောက်နေတဲ့ တိုက်လေယာဥ်ဟာလည်း ပျက်ကျခဲ့တာကြောင့် ၃ လတာအတွင်း စစ်ကောင်စီတပ်သုံး တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ် စုစုပေါင်း ၃ စီး ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။