စလင်း၊ ဇူလိုင် ၃၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျီးသိုက်ရွာနဲ့ သမြင်ကင်းရွာကို ဇူလိုင် ၃ ရက်ဒီမနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးဝန်းကျေးရွာကထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါစစ်ကောင်စီစစ်ကြောင်းဟာ ဒီမနက် ၉ နာရီလောက်က ကျီသိုက်ရွာကိုမီးရှို့ပြီး မနက် ၁၀ နာရီလောက်မှာ သမြင်ကင်းရွာကို ဆက်လက်မီးရှို့နေတာလို့ ဆိုပါတယ်။


“ပခုက္ကူတပ်မ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလို့ သိရတယ်၊ မနေ့တုန်းက ဆင်ဖြူကျွန်းဘက်ကို စစ်ကြောင်းထိုးတယ်၊ ညကြတော့ မိုးဝန်းရွာကို ပြန်အိပ်တယ်၊ အခုမနက် ကျမသတင်းရတာက ကျီးသိုက်ရွာကို မီးရှို့သွားပြီ၊ တရွာလုံးနီးပါး မီးလောင်သွားပြီ၊ အဲ့ဒီကအပြန် သမြင်ကင်းရွာကိုလည်း ဆက်ပြီးဝင်ရှို့ပါတယ်၊” လို့ စလင်းမြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။
ကျီးသိုက်ရွာမှာ အိမ်ခြေ ၅၉ လုံး လူဦးရေ ၂၀၁ ဦး၊ သမြင်ကင်းရွာမှာ အိမ်ခြေ ၃၀၊ လူဦးရေ ၁၀၀ ကျော်ရှိပြီး နေအိမ်ပျက်စီးဆုံးရှုံးမှုအတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
သမြင်ကင်းရွာဟာ ခုလိုမီးရှို့ခံရတာ ဒုတိယအကြိမ်ဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်က စစ်ကောင်စီတပ်တွေမီးရှို့လို့ နေအိမ် ၁၇ လုံးပျက်စီးခဲ့ပါသေးတယ်။
ဒါ့အပြင် စလင်းမြို့နယ်ထဲက ဂုန်ကုန်းရွာ၊ တပ်ပြင်ရွာ၊ ပေါင်လောင်ရွာ၊ မင်းတဲရွာ၊ ကျက်သကိုင်ရွာ၊ တောတွင်ရွာ၊ သာစည်ရွာ၊ မိုးဝန်းရွာ၊ မြောင်းမကုန်းရွာ၊ သရက်ချဉ်ရွာ၊ သမြင်ကင်းရွာ၊ အုံးတောရွာ၊ ကျီးသိုက်ရွာ၊ ကညှပ်ရွာ၊ နောင်တော်ကြီးရွာ၊ နောင်တော်လေးရွာ၊ ဥယာဉ်စုရွာတို့က ဒေသခံ ၆,၀၀၀ ကျော်လည်း စစ်ဘေးရှောင်နေရတာ ၆ လလောက်ရှိပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်ကလည်း အမြောက်နဲ့ သံချပ်ကာကား ၅ စီးပါ တပ်ဖွဲ့အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းက စလင်းမြို့နယ်၊ ပန်းတိမ်ကုန်းရွာကို မီးရှို့သွားပြီး ကျန်းမာရေးချို့တဲ့သူတဦးလည်း ပစ်သတ်သွားခဲ့ပါသေးတယ်။
စာတည်း – လင်း