စလင်း၊ ဇွန် ၂၉၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ပန်းတိမ်ကုန်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန် ၂၉ ရက် နေ့လယ်ပိုင်းမှာဝင်ရောက်ပြီး ရွာကိုမီးရှို့ဖျက်ဆီးနေတယ်လို့ စလင်းမြို့ခံတွေဆီက သိရပါတယ်။
အမြောက်နဲ့သံချပ်ကာကား ၅ စီးအပါ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းက အိမ်ခြေ ၂၀၀၊ အိမ်ထောင်စု ၂၀၀ ရှိတဲ့ ပန်းတိမ်ကုန်းရွာကို ဒီညနေပိုင်းအထိ မီးရှို့နေတာကြောင့် ပျက်စီးဆုံးရှုံးမှုမသိရသေးဘူးလို့ ဆိုပါတယ်။
“ပန်းတိမ်ကုန်းရွာထဲဝင်တာက နေ့လယ် ၁၀ နာရီလောက်ကဝင်တာ၊ ကနဦးစရှို့တာက ကောက်ရိုးပုံကို ရှို့တာ၊ လွန်ခဲ့တဲ့ ၁ နာရီလောက်ကတော့ ရွာကိုရှို့နေပါတယ်၊ မီးရှို့ခံရတဲ့ အိမ်ခြေကတော့ အတည်ပြုလို့ မရသေးပါဘူး၊ အခုအချိန်ထိ စစ်တပ်မီးရှို့နေတုန်းပါ၊” လို့ စလင်းမြို့ခံတဦးက ပြောပါတယ်။
ဒါ့အပြင် ဒီညနေပိုင်းမှာပဲ ကြည်တော်စုရွာက အသက် ၁၈ နှစ် အရွယ် စိတ်ကျန်းမာရေးချို့တဲ့သူ ကိုဖိုးထူးကိုပစ်သတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ဇွန် ၂၈ ရက် မနေ့ကလည်း မြောင်းမကုန်းရွာမှာစခန်းချပြီး ရွာသား ၂ ဦးကိုဖမ်းဆီး ကာ ဒေါ်အောင်ဆန်းစုကြည်ပုံတက်တူးထိုးထားတဲ့နေရာတွေကို ဓါးနဲ့မွန်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“အဲ့ဒီစစ်တပ်က မနေ့ကတဲ့က ဂုံကုန်းရွာဘက်မှာ ကားတွေထားပြီး ဆည်မြောင်းဘောင်လမ်းအတိုင်း တက်လာတာ၊ မနေ့က တောတွင်ရွာထဲဝင်ပြီးတော့ မွှေနှောက်သွားတယ်၊ နောက်တခါ မြောင်းမကုန်းရွာကထွေအုပ်စာရေးအိမ်မှာ စစ်ကြောင်းကစခန်းချပြီးတော့နေတယ်၊ ရွာသား ၂ ဦးကိုလည်း ဖမ်းတယ်၊ သူတို့က ရင်ဘတ်မှာ အမေစုပုံထိုးထားတယ်၊ အဲ့ဒီနေရာကိုလည်း ဓါးနဲ့မွှန်းသွားတယ်”လို့ စလင်းမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
ဒါ့အပြင် ဒီမနက်ပိုင်းမှာလည်း မိုးဝန်းရွာကနေ သရက်ချဥ်ရွာကိုသွားချိန်လမ်းမှာတွေ့တဲ့ မိုးဝန်းရွာသား ၅ ဦးကိုဖမ်းဆီးကာ သရက်ချဥ်ရွာအရောက်မှာပြန်လွှတ်ပေးခဲ့ပြီး ပန်းတိမ်းကုန်းရွာဘက်ကိုဆက်လက် စစ်ကြောင်းထိုးလာချိန်မှာလည်း နောက်ထပ်ဒေသခံ ၄ ဦးထပ်မံဖမ်းဆီးခဲ့ကာ လက်ရှိအချိန်ထိ ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။
ခုလို စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ဂုံကုန်းရွာ၊ ကျက်သကိုင်ရွာ၊ မင်းတဲရွာ၊ ပေါင်လောင်ရွာ၊ တပ်ပြင်ရွာ၊ သာစည်ရွာ၊ မြောင်းမကုန်းရွာ၊ မိုးဝန်းရွာ၊ သရက်ချဉ်ရွာ၊ ပန်းတိမ်ကုန်း၊ ကျီးသိုက်ရွာ၊ ကညှပ်ရွာ တို့က ဒေသခံ ၅,၀၀၀ ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စာတည်း – လင်း