အင်းတော်မှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်ကောင်စီက တရွာဝင် တရွာထွက် စစ်ဆေးလာနေ

0 5
0 5

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေကို တရွာဝင်၊ တရွာထွက် စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့တို့မှာ စလေမြို့အခြေစိုက် ခမရ ၄၁၆ တပ်ရင်းမှ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက ပေပင်ကျေးရွာနဲ့ နတ်မဟုတ်ကြီးကျေးရွာတို့ကို ဝင်ရောက်လာပြီး ကျေးရွာထဲမှာ CDM ဆရာ၊ ဆရာမတွေနဲ့ PDF ထောက်ပို့ရဲဘော်တွေ ရှိ၊မရှိ လိုက်လံမေးမြန်းနေကြတယ်လို့ Indaw Revolution-IR မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပေပင်ရွာမှာဆိုရင် စကစတွေက ညတောင် အိပ်သွားသေးတယ်။ ဒီမနက်ပိုင်းအချိန်ရောက်မှ ပြန်ထွက်သွားတယ်။ ပြန်ထွက်ပြီးတော့ နတ်မဟုတ်ကြီးရွာကို ဒီနေ့စစ်ဆေးနေတယ်။ အဖမ်းအဆီး ရှိ၊မရှိတော့ မသိရသေးဘူး။ ဒီကောင်တွေက ကျနော်တို့ဖက်မှာ အရင်တုန်းက ဒီလိုစစ်တာတွေ မလုပ်ဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတွေက ပေပင်ကျေးရွာမှာ ဝင်ရောက်စစ်ဆေးနေချိန်မှာလည်း အနီးအနားက အောင်းကုန်းကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

“စစ်ဆေးနေချိန်မှာလည်း စကစတွေက ရွာက တိမ်းရှောင်နေတဲ့သူတွေကို ဖုန်းဆက်ပြီးတော့ ပြန်ခေါ်ခိုင်းတာတွေ လုပ်ခဲ့တယ်။ ဒီကောင်တွေက မြို့နဲ့နီးတဲ့ ရွာတွေကိုပဲ အဓိကဝင်စစ်နေတာ။ ဒီတပ်က မြို့ထဲမှာဘဲ အဓိကလှုပ်ရှားတဲ့ တပ်ပါ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကစလို့ စစ်ကိုင်းတိုင်းက မြို့နယ် ၁၁ ခု၊ မကွေးတိုင်းက မြို့နယ် ၅ ခုနဲ့ ပဲခူးတိုင်းမှာရှိတဲ့ မြို့နယ် ၅ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ဒေသတွေအဖြစ် သတ်မှတ်ကြေငြာလိုက်တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲက အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဗူး၊ မြောင်၊ ဆာလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တွေ ပါဝင်ပြီး၊ မကွေးတိုင်းထဲက ဆော၊ ထီးလင်း၊ ဂန့်ဂေါ၊ ပေါက်၊ မြိုင်မြို့နယ်နဲ့ ပဲခူးတိုင်းမှာတော့ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်း စတဲ့မြို့နယ်တွေ ပါဝင်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။