myaelatt athan

Sharing Information to the Local

ကုက္ကိုကုန်းရွာမှာ NUG အစိုးရ ဆေးခန်းဖွင့်ထားလို့ စစ်ကောင်စီကလေယာဉ်နဲ့လာပစ်

0
0

စစ်ကိုင်း၊ ဇန်နဝါရီ ၂၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ကျောက်ပျဉ်သာတိုက်နယ်၊ကုက္ကိုကုန်းရွာမှာ NUG အစိုးရ ဖွင့်ထားတဲ့ဆေးခန်းရှိတယ်လို့ ကြားသိရတဲ့အတွက် စစ်ကောင်စီက လေယာဉ် ၂ စီး နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၇ ရက်မနေ့ကညနေ ၃ နာရီလောက်မှာ ကန့်ဘလူ 6006 တပ်ရင်းမှ Mi 35 ၂ စီး နဲ့ Mi 17 ၂ စီးတက်လာပြီး ညနေ ၄ နာရီကျော်လောက်မှာတော့ ကုက္ကိုကုန်းရွာကို စတင်ပစ်ခတ်ခဲ့ကာ ပစ်ခတ်နေချိန်မှာပဲ Mi 17 ၂ စီးဟာ ကုက္ကိုကုန်းရွာထဲကို လူအင်အား ၆၀ နီးပါး ချသွားခဲ့တယ်လို့ Kawlin Revolution – KR မှ တာဝန်ရှိသူတဦးက မြေလတ်အသံကိုပြောပါတယ်။

“ဘာကြောင့်လာပစ်လဲဆိုတော့ NUG အစိုးရက ဆေးခန်းဖွင့်ထားတာသတင်းရလို့ လာပစ်တာလို့တော့အကြမ်းဖျင်းသိရတယ်။ လေယာဉ် ၂ စီးက တချိန်တည်းတက်လာတယ် ၅ မိနစ်လောက်ပဲခြားတယ်။ ရွာသားအမျိုးသားတဦး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတဦး ထိသွားတယ်။ လေယာဥ် နဲ့ တနာရီကျော်ကျော်ပစ်ခတ်ပြီးတော့ ရွာထဲကနေပြန်ထွက်သွားတယ်” လို့ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက်ပစ်ခတ်ခဲ့လို့ ကုက္ကိုကုန်းရွာနဲ့ ရွာနားနီးစပ်တွေဖြစ်တဲ့ ညောင်ကုန်းရွာ၊ နှောကုန်းရွာ၊ ဇီးဖြူကုန်းရွာ၊ တောင်ဘို့လှရွာ၊ လျှော်ဖြူကုန်းရွာနဲ့ ပေပင်ချောင်ရွာက ရွာသား ၃၅၀၀ နီးပါးဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“စစ်ရှောင်တွေကို တနေရာထဲမှာမထားပါဘူး၊ သက်ဆိုင်ရာ ပအဖ တွေ၊ ရပ်ကျေး ပအဖ တွေနဲ့ မြို့နယ်လူသားစာနာအဖွဲ့တွေက စီမံစောက်ရှောက်ပေးထားတယ်လို့သိရတယ်။ လေယာဉ်နဲ့လာကြဲချိန်မှာ ကုက္ကိုကုန်းရွာသားတွေ ထိခိုက်တာတွေလည်းရှိတယ်” လို့ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကုက္ကိုကုန်းရွာကို စစ်ကောင်စီက မီးရှို့မှုပြုလုပ်နေကြောင်း နဲ့ ဖမ်းဆီးခံရတဲ့ ပြည်သူတချို့လည်း ရှိနေသေးတယ်လို့ မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။