myaelatt athan

Sharing Information to the Local

၉ နှစ်အရွယ်မိန်းကလေးကို သတ်ခဲ့တဲ့တရွာတည်းနေလင်မယား ၂ ဦးကို ဖမ်းမိ

မိတ္ထီလာ၊ ဇွန် ၁၄၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဒဟတ္တန်းကျေးရွာမှာ အသက် ၉ နှစ်အရွယ်မိန်းကလေးကို သတ်ဖြတ်ခဲ့တဲ့ တရွာတည်းနေ လင်မယား ၂ ဦးကိုဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းမိသူတွေဟာ ၃၆ နှစ်အရွယ် ကိုစိုးမင်းအောင်နဲ့ အသက် ၃၂ နှစ်အရွယ် မလင်းဇာနည်ဇော် တို့ဖြစ်ပြီး ဇွန် ၁၁ ရက်မှာ ရဲကမသင်္ကာသူ ၁၈ ဦးကို ခေါ်ယူစစ်ဆေးရာက ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့က သူတို့အိမ်မှာ မနေရဲလို့ အခြားအိမ်နားနီးချင်းအိမ်မှာသွားနေတာ။ ရဲကရွာထဲကသံသယရှိသူတွေခေါ်သွားတာ။ စစ်ဆေးတဲ့အခါ သူတို့ထွက်ဆိုချက်တွေက ရှေ့နောက်မညီတော့ ခေါ်ထားလိုက်တာ။ ကျန်တဲ့သူ အကုန်ပြန်လွတ်လိုက်တယ်။ တဖြည်းဖြည်းစစ်မေးရင်းမှာပေါ်လာတာ။ သူတို့သတ်ကြောင်းကိုလည်း မနေ့က(ဇွန်လ ၁၃)ရက်မှာ ဝန်ခံလိုက်တယ်။”လို့ ရွာခံတဦးကပြောပါတယ်။

ခုလိုသတ်ဖြတ်တာဟာ မနှင်းရတီ နားမှာဆွဲထားတဲ့ ကာလတန်ဖိုး ၅ သိန်းကျပ်ရှိရွှေနားကပ်ကို လိုချင်တာကြောင့်ဖြစ်တယ်လို့ ထွက်ဆိုထားကြောင်း သူကဆက်ပြောပါတယ်။

၎င်းတို့ဟာ ဇွန် ၇ ရက်ညနေမှာ နေအိမ်ကနေထွက်လာတဲ့ မနှင်းရတီကို နေအိမ်ကိုခေါ်သွားပြီးနောက် နားကပ်ကိုဖြုတ်ယူချိန် ကလေးငယ်ကအော်ဟစ်တာကြောင့် တိုင်နဲ့ခေါင်းကိုဆောင့်ပြီး တိုက်ရာမှာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

မနှင်းရတီရဲ့အလောင်းကို နေအိမ်ထဲကသံသေတ္တာထဲမှာထည့်ပိတ်ထားပြီး ဇွန် ၉ ရက်ညပိုင်းမှာ ကျေးရွာသုသာန်အနီး မြွေရေခွံအိတ်ထဲထည့်ပြီး စွန့်ပစ်ခဲ့ကြတာလို့ ဆိုပါတယ်။

အလောင်းကိုတော့ ဇွန် ၁၁ ရက် မနက် ၉ နာရီလောက်က ရွာထဲမှာ ဆိတ်ကျောင်းနေသူတဦးက အပုပ်နံ့ရလို့ သွားရောက်ကြည့်ရှုခဲ့ရမှာတွေ့ရှိခဲ့တာလို့ ဒေသခံတွေဆီကသိရပါတယ်။

ရွှေနားကပ်ကိုတော့ မိတ္ထီလာမြို့ကရွှေဆိုင်မှာ သွားရောက်ရောင်းချထားခဲ့တာလို့ သိရတာကြောင့် ရဲက သက်သေခံအဖြစ် နားကပ်ကိုပြန်သိမ်းလာပြီး အဆိုပါလင်မယားကိုတော့ မိတ္ထီလာမြို့မရဲစခန်းက လူသတ်မှုအတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ လုယက်မှုကျူးလွန်ရာမှာ အလိုအလျောက် နာကျင်စေမှုအတွက် ပုဒ်မ ၃၉၄ အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။