myaelatt athan

Sharing Information to the Local

မန္တလေးရှိ ပုဂ္ဂလိကဆေးရုံ ၅ ရုံကို ယာယီပိတ်မယ်လို့သတင်းထွက်ပေါ်ပြီးနောက် ဆေးရုံ ၂ ရုံ ကလူနာတွေ ရွေ့ပြောင်းနေရ

0
0

မန္တလေး၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၂။

မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်က ပုဂ္ဂလိကပိုင် ဆေးရုံ ၅ ရုံမှာ ဒီဇင်ဘာလ ၃၁ရက်ကစပြီး ဆေးကုသခွင့်ကိုယာယီပိတ်မယ်လို့ စစ်ကောင်စီကစီစဥ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။

မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ ထက်နေလင်း၊ စိန်ပန်း စတဲ့ဆေးရုံတွေဖြစ်ကြပြီး၊ အဲဒီဆေးရုံ ၅ ရုံထဲက နန်းတော်နဲ့ ကံ့ကော်ဆေးရုံကတော့ ဒီဇင်ဘာလ ၂၇ ရက်ဒီကနေ့ကစလို့ လူနာတွေကို ပြောင်းရွေ့ပေးနေကြပြီလို့သိရကြောင်း MDY Revolution မှတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“လူနာတွေ ဒီနေ့မှာပြောင်းရွေ့နေရတယ်ဆိုတာကို ကိုယ်တိုင်ပြောင်းရွေ့နေရတဲ့သူတယောက်က ပြောလို့သိရတာ။ ဘာဖြစ်လို့ပြောင်းရွေ့လည်းဆိုတာကိုတော့ ဆေးရုံအနေနဲ့ မပြောဘူးတဲ့။ ကံကော်နဲ့ နန်းတော်ဆေးရုံက လူနာတွေကို မင်္ဂလာပုဂ္ဂလိကဆေးရုံကို ရွေ့ပြောင်းနေတာပါ။ အခုမင်္ဂလာဆေးရုံမှာ လူနာတွေစုနေကြပြီး လူတောင်မနိုင်တော့ဘူးပြောတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီက အဲဒီဆေးရုံ ၅ ရုံကို ဘာကြောင့်ပိတ်တယ်ဆိုတာ မသိရှိရသေးပေမယ့် အခုလို ဆေးရုံတွေကိုပိတ်မယ်လို့ သတင်းမထွက်မီ အဲဒီဆေးရုံတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ CDM ဆရာဝန်တချို့ ဖမ်းဆီးခံခဲ့ရတယ်လို့လည်း အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

“သတင်းမထွက်မီ CDM အချို့ ပါသွားတယ်တော့ကြားတယ်။ ဒီမနက် လူနာတွေကို ပြန်လွှတ်နေပြီတဲ့။ လောလောဆယ်သိရတာက နန်းတော်နဲ့ ကံ့ကော်ပိတ်ပြီ။ ကျန်တာဆေးရုံတွေတော့ မသိရသေးပါဘူး။ ကျနော့်အမြင်ကတော့ လကုန်ပိတ်မယ်ဆိုတော့ ဆရာဝန်ကြီးတွေ မထိုင်တော့တာဖြစ်မယ်။ ဒါကြောင့် ပြန်လွှတ်နေတော့ ပိတ်သလောက်နီးပါး ဖြစ်နေပုံရတယ်။ ဘယ်နေ့ပြန်ဖွင့်မယ်တော့ အတိကျမသိရသေးဘူး”လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၅ ရက်မှာ မန္တလေးဆေးတက္ကသိုလ်က CDM လုပ်ထားတဲ့ ဆီးနဲ့ကျောက်ကပ် ခွဲစိတ်အထူးကူးဆရာဝန်ကြီး ပါမောက္ခဒေါက်တာဝင်းခိုင်မှာ နန်းတော်ပုဂ္ဂလိကဆေးရုံထဲရှိနေချိန် စစ်ကောင်စီရဲ့ဖမ်းဆီးမှုကို ခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင်အောက်တိုဘာလ ၂၇ ရက်မှာလည်း မန္တလေးက CDM ကျန်းမာရေးဝန်ထမ်းတွေဖြစ်ကြတဲ့ မန္တလေးဆေးတက္ကသိုလ်ခွဲစိတ်ဌာနက ကထိက ဒေါက်တာမင်းဇော်ဦး (ခ) နေမျိုးဦး၊ ကုတင်-၃၀၀ သင်ကြားရေးဆေးရုံက ဒေါက်တာ မကြည်သဒ္ဒါဖြူ၊ သူနာပြု မယွန်းနန္ဒာထွန်း၊ မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးက သူနာပြု မဇင်မာဝင်း (ခ) သူဇာ၊ မန္တလေးဗဟိုအမျိုးသမီးဆေးရုံက သားဖွားဆရာမ မပိုးသန္တာအောင်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၃၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၀၈ ဦးအထိ ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားကူညီစောင့်စောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရသိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။