အလောင်းကို မြွေရေခွံအိတ်နဲ့ထုပ်ပြီး စွန့်ပစ်ခံထားရ
မိတ္ထီလာ၊ ဇွန် ၁၁၊ ၂၀၂၅။
မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ဒဟတ္တန်းကျေးရွာမှာ နေအိမ်ကနေ ၄ ရက်ကြာပျောက်နေတဲ့ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သေဆုံးသူဟာ အသက် ၉ နှစ်အရွယ် Grade 3 ကျောင်းသူ မနှင်းရတီ ဖြစ်ပြီး ဇွန် ၁၁ ရက် မနက် ၉ နာရီခန့်မှာ ကျေးရွာသုသာန်အနီး မြွေရေခွံအိတ်အတွင်းမှာ ထုပ်လျက်အနေထားနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဆိတ်ကျောင်းတဲ့ အမျိုးသား ၁ ဦးက ပုပ်စော်နံနေတာကိုသတိထားမိလို့ ရွာကလူတွေကိုခေါ်ပြီး လာကြည့်ကြချိန် အိတ်ထဲမှာ ကလေးအလောင်းကို တွေ့ရကာ အိတ်ထဲထည့်ခံထားရတာကြောင့် အသတ်ခံရတဲ့ပုံစံဖြစ်မယ်လို့ ရွာခံတဦးကပြောပါတယ်။
ကလေးငယ်ရဲ့အလောင်းကို ပြန်တွေ့ရချိန်မှာ ပုပ်ပွနေပြီဖြစ်တာကြောင့် အသတ်ခံထားရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုနည်းလမ်းနဲ့သတ်ထားတယ်ဆိုတာ အဖြေရှာလို့မရသေးဘူးလို့ ဆိုပါတယ်။
အဆိုပါ မိန်းကလေးငယ်သေဆုံးမှုနဲ့ပတ်သက်ပြီး တရားခံကိုဖမ်းဆီးရမိဖို့ ရဲဘက်ကစုံစမ်းစစ်ဆေးနေကာ အလောင်းကိုလည်း မိတ္ထီလာဆေးရုံကို သယ်ယူစစ်ဆေးမှုလုပ်နေပြီး ဆေးစစ်ချက် အဖြေကတော့ မရသေးဘူးလို့ဆိုပါတယ်။
ဇွန် ၇ ရက်ညနေ ၃ နာရီကျော်ကတည်းက မနှင်းရတီဟာ ကျေးရွာစာသင်ကျောင်းအနီးမှာ ကစားမယ်ဆိုပြီး အိမ်ကထွက်သွားရာမှ နေအိမ်ကို ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေခဲ့တာပါ။
ကလေးငယ်ရဲ့ မိဘတွေက ထိုင်းမှာအလုပ်လုပ်နေတာကြောင့် အဖွားဖြစ်သူ၊ အကိုဖြစ်သူတို့နဲ့ နေထိုင်ပြီး ကျေးရွာထဲမှာ နေ့စဥ်ကျောင်းဆင်းချိန်တိုင်း ထွက်ကစားလေ့ရှိတယ်လို့လည်း သိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M