တောင်ငူမှာ တိုက်ပွဲဖြစ်မီးရှို့နေလို့ ရွာလုံးကျွတ်ထွက်ပြေးနေ

တောင်ငူ၊ ဇွန် ၁၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ မကျီးပင်အင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က နေအိမ်တွေကိုပါမီးရှို့နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

ဇွန် ၁၁ ရက်ဒီမနက် ၈ နာရီကျော်မှာ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းက မကျီးပင်အင်းရွာကိုရောက်လာချိန် ဒေသကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“အရင်နေ့က ဆွဲမိုင်းထိသွားတာကို ပြန်တက်လာလို့တိုက်ပွဲဖြစ်နေတာ။ ခုထိဖြစ်နေတုန်း။ မကျီးပင် အနောက်ဘက်က ကုန်းစောင်းတွေမှာရှိတဲ့တဲတွေကို မီးရှို့နေတာလို့ သိရတယ်။ လူတော့မရှိတော့ဘူး။”လို့ ဒေသခံတဦးကပြောပါတယ်။

တိုက်ပွဲကြောင့် အိမ်ခြေ ၁၂၀ ခန့်၊ လူဦးရေ ၅၀၀ ကျော်နေထိုင်တဲ့ မကျီးပင်အင်းရွာက ဒေသခံတွေလည်း ဘေးလွတ်ရာကိုရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ မီးရှို့ခံရတဲ့အိမ်ခြေအရေအတွက်ကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ မေ ၂၃ ရက်ကလည်း တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားပြီး ကျေးရွာကနေအိမ်တွေကို စစ်ကောင်စီတပ်ကမီးရှို့ခဲ့ပါသေးတယ်။

အဲ့ဒီနောက် စပါးကြွယ်၊ ကြက်ရိုးပင်၊ ဇီးပင်သာ၊ တောပု၊ ငုံးမင်းရွာတွေက ဒေသခံ ၃,၀၀၀ ကျော်ဟာ တောင်ငူမြို့အပါအဝင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ဇွန် ၁၁ ရက်အထိ အများစုက နေရပ်မပြန်ရသေးဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။