◼ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံး
ပုလဲ၊ ဇွန် ၉၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာနယ်မြေရဲစခန်းကို တော်လှန်တပ်ဖွဲ့တွေစတင်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ခဲ့တာ ဇွန် ၉ ရက်ဒီကနေ့ဆိုရင် ၈ ရက်မြောက်ရှိခဲ့ပြီး ဆက်လက်တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း အင်အားဖြည့်တင်းတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ၈ ရက်အတွင်းလေကြောင်းကနေ အကြိမ်ရေ ၆၀ နီးပါး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“လေကြောင်းက အကြိမ်ရေ ၆၀ ခန့်ရှိပြီ၊ ဒီနေ့ လေကြောင်းကမလာသေးဘူး။ ခုလည်း တိုက်နေကြပါတယ်။ မနက် ၄ နာရီလောက်ကတည်းက ကြားနေရတာ။”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
တိုက်ပွဲရက်တွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကန့်ဒေါင့်ရွာတဝိုက်ရှိကျေးရွာတွေက ဒေသခံ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
ဇွန် ၆ ရက်က မင်းတိုင်ပင်ရွာကို နေ့လယ် ၁ နာရီဝန်းကျင်မှာ ဗုံးကြဲခဲ့တာကြောင့် သက်ကြီးပိုင်း အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး အဆောက်အဦအချို့လည်း ပျက်စီးခဲ့တယ်လို့သိရပါတယ်။
အလားတူ ဇွန် ၇ ရက်ည ၁၂ နာရီမှာ လေကြောင်းတိုက်ခိုက်ခံရပြီး တောင်ပိတောက်ကုန်းကျေးရွာက အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ကြက်ရင်းကျေးရွာက အသက် ၆၅ နှစ်ဝန်းကျင် အမျိုးသမီး ၁ ဦး စုစုပေါင်း ၂ ဦးသေဆုံးပြီး ၄ ဦးခန့် ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
“တောင်ပိတောက်ကုန်းကျေးရွာ နွားခြံကိုထုတာက အမျိုးသမီး ၁ ယောက်၊ ကြက်ရင်းကျေးရွာကိုထုတာ အမျိုးသမီး ၁ ယောက် (စုစုပေါင်း) ၂ ယောက်သေတယ်။ ထိခိုက်တာက ကိုးပင်ရွာက ၂ ယောက် မင်းတိုင်ပင်က ၂ ယောက် ကြက်ရင်း၊ တောင်ပိတောက်ကုန်း၊ မင်းတိုင်ပင် အားလုံးနေအိမ်တွေမှာထိမှန်သေဆုံးခဲ့တာပါ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးက ဆိုပါတယ်။
ဒါ့အပြင် ဇွန် ၈ ရက်မှာလည်း ကန့်ဒေါင့်ရွာတဝိုက်ကို လေကြောင်းကနေ ဗုံးအလုံး ၂၀ ကြဲချခဲ့သေးတယ်လို့ ဆိုပါတယ်။
ကန့်ဒေါင့်ရွာနဲ့ ၆ မိုင်အကွာက ပျူစောထီးအားကောင်းတဲ့အင်မထီးရွာကို ဇွန် ၅ ရက်၊ ၆ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေအင်အားဖြည့်ခဲ့ပြီး အဲ့ဒီကတဆင့် ကန့်ဒေါင့်နယ်မြေစခန်းကို စစ်ကူပို့ဖို့ကြိုးစားနေပေမယ့် ကာကွယ်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အင်အားနဲ့ရိက္ခာတွေမရောက်သေးဘူးလို့ ဆိုပါတယ်။
“လေကြောင်းနဲ့ အင်မထီးပျူရွာကို စစ်ကောင်စီအင်အား ၁၂၀ ခန့် စစ်အင်အားဖြည့်တာ ရိက္ခာချတာရှိပါတယ်၊ အင်မထီးကစစ်ကူလာတာတွေကို ကြားကဖြတ်ပြီးတိုက်နေလို့ ကန့်ဒေါင့်ကိုစစ်ကူမရောက်ပါဘူး။”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဝန်းကျင်ကို ဇွန် ၂ ရက်မနက် ၄ နာရီခန့်မှာ စတင်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲစတင်ခဲ့ကာ တိုက်ပွဲကြောင့် ကန့်ဒေါင့်ရွာနဲ့ အနီးတဝိုက်ကျေးရွာတွေက ဒေသခံ ၅,၀၀၀ ကျော် အရေးပေါ်တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စာတည်း – လင်း