ကန့်ဘလူ၊ ဇွန် ၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ”သွေးသစ္စာ”သီချင်းဆိုတဲ့ ကျောင်းအုပ်ကြီးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ဇွန် ၄ ရက်မှာထုတ်ပြန်ပါတယ်။
ဖမ်းခံရသူတွေဟာ ပြီးခဲ့တဲ့ မေ ၂၂ ရက်ညပိုင်းမှာ ဆိုင်ကယ်စီးရင်းမြို့ပေါ်လမ်းတလျောက်”သွေးသစ္စာ”သီချင်းကိုအော်ဟစ်သီဆိုခဲ့ပြီးနောက် ၅ ရက်အကြာ မေ ၂၇ ရက်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
“အဲ့နေ့က မိန်းလမ်းပေါ်နေတဲ့လူတွေ အကုန်သိတယ်၊ အထူးအဆန်းဖြစ်လို့ ထွက်တောင်ကြည့်ကြတယ်၊ ပြီးတော့ သူတို့နေတဲ့ကျောင်းမှာလည်း အစောင့်ပျူတွေရှိတယ်လေ၊ အဲ့နေ့က ကျောင်းမှာခံဝန်ထိုးခိုင်းတယ်လို့ပြောတာပဲ၊ ချက်ချင်းမဖမ်းဘူး၊ ၂၇ ရက်နေ့ကမှ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုပြီး အထက (၁) ကျောင်းဝန်းအတွင်း လာဖမ်းသွားတာ” လို့ မြို့ခံတဦးရဲ့ ပြောပြချက်ကို ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူ ၃ ဦးမှာ ကန့်ဘလူမြို့အထက (၁) ကျောင်းအုပ်ဆရာကြီး ဦးမိုးထွန်း၊ အထက်တန်းပြ ဆရာ ဦးစိုးသင်း၊ ကျောင်းစောင့် ဦးညွန့်ဝင်းတို့ ဖြစ်ကြပြီး ၎င်းတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှား သူများအဖွဲ့ (ကန့်ဘလူခရိုင်)မှ တာဝန်ရှိသူအမျိုးသမီးက အတည်ပြုပြောပါတယ်။
ဖမ်းခံရသူတွေကို ဘယ်သူကတရားလိုလုပ်တရားစွဲဆိုလဲဆိုတာကိုတော့ မသိရဘူးလို့ သူက ပြောပါတယ်။
အထက (၁) စာသင်ကျောင်းမှာ Grade-12 ကျောင်းသား၊ ကျောင်းသူတွေစာမေးပွဲဖြေဆိုနေကြရတာကြောင့် တန့်ဆည်ဒေသခံဖြစ်သူ ကျောင်းအုပ်ဆရာကြီး ဦးမိုးထွန်းမှာဇနီးနဲ့အတူ ကျောင်းအတွင်းရှိဝန်ထမ်းနေအိမ်မှာ လာရောက်နေထိုင်ကြတာလို့ဆိုပါတယ်။
ဖမ်းခံရသူတွေကို ဘုန်းကြီးဝါသဝအမိန့်နဲ့ ပြန်လွှတ်ပေးမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဇွန် ၅ ရက် ဒီကနေ့အထိတော့ ပြန်လွတ်လာတာမရှိသေးဘူးလို့ သိရပါတယ်။
စာတည်း – လင်း