တောင်သာ၊ ဇွန် ၄၊ ၂၀၂၅။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်နဲ့ စဥ်ကူးမြို့နယ်တို့မှာ စစ်ကောင်စီတပ်က လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင်တချို့ပျက်စီးခဲ့တယ်လို့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဇွန် ၄ ရက်မနက် ၅ နာရီကျော်မှာ တောင်သာမြို့နယ်၊ မကျီးချိုကျေးရွာအနီးကို စက်တပ်လေထီး ၅ စီးနဲ့ ဗုံးသီး ၁၁ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“၁၁ လုံးချသွားတာ။ တောထဲတွေကျတာ။ လူတွေထိခိုက်တာ၊ အဆောက်အဦတွေထိခိုက်တာမရှိဘူး။ တောထဲပဲကျတာ။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ မနေ့ကလည်း သံဘို၊ ရုံးစည်ကြီးဘက်ချသွားသေးတယ်။ အဲ့မှာလည်း ၁၇ လုံးလောက်ချသွားတာ”လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

မကျီးချိုကျေးရွာအနီး တောထဲကိုဗုံးတွေကျရောက်ပေါက်ကွဲလို့ လူထိခိုက်တာမျိုးမရှိဘဲ ဒေသခံတွေကတော့ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇွန် ၃ ရက်မနက် အစောပိုင်းကလည်း စက်တပ်လေထီး ၃ စီးနဲ့ ရုံးစည်ကြီးကျေးရွာ၊ သံဘိုကျေးရွာကားလမ်းတလျှောက်ကို ဗုံး ၁၇ လုံးကြဲချခဲ့သေးတယ်လို့ အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ ရုံးစည်ကြီးရွာမြောက်ဘက်၊ တောင်သာ-မလှိုင်လမ်းပေါ်ကျရောက်ပေါက်ကွဲတဲ့ ဗုံးသီးကြောင့် လျှပ်စစ်ဓာတ်အားပေးလိုင်း 33 KV မီးကြိုးပြတ်ကျခဲ့ပြီး ရုံးစည်ကြီးနဲ့ မလှိုင်မြို့တို့မှာ ဇွန် ၄ ရက်နေ့လယ်ပိုင်းအထိ လျှပ်စစ်ဓာတ်အားပြတ်တောက်နေတယ်လို့ သိရပါတယ်။

အလားတူ ဇွန် ၃ ရက် မနက် ၁၁ နာရီကျော်မှာ စဥ့်ကူးမြို့ပေါ်က မြသိန်းတန်စေတီဝင်းအတွင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၁ လုံးကြဲချခဲ့သေးတယ်လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
“ပေါင် ၃၀၀ ဗုံးက ဘုရားနားက ကျောင်းဆောင်တွေနားကျတာ။ ဘုန်းကြီးကျောင်းဆောင် ၂ ဆောင်တော့ပျက်စီးသွားတယ်။ မြို့ပေါ်မှာက ပြည်သူတွေကမနေရသေးဘူး။ အဲဒါကြောင့် ထိခိုက်တာတော့မရှိဘူး။ တိုက်ပွဲလည်းဖြစ်တာမျိုးမရှိဘဲ ဘလိုင်းကိုဘုရားကိုပစ်တာ။”လို့ သူကပြောပါတယ်။
စဥ့်ကူးမြို့ပေါ်မှာ ၂၀၂၄၊ ဇူလိုင်လ မြို့သိမ်းတိုက်ပွဲပြီးကတည်းက ဒေသကာကွယ်ရေးအဖွဲ့တွေက ပြည်သူတွေကို စစ်ရှောင်ခိုင်းထားတာကြောင့် ဇွန် ၄ ရက်အထိ မြို့ပေါ်မှာပြန်လည်နေထိုင်သူတွေ မရှိသေးဘူးလို့ ဆိုပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့တွေက စဥ့်ကူးမြို့နယ်ကို ထိန်းချုပ်ထားပြီးနောက်ပိုင်း စစ်ကောင်စီက မြေပြင်ကနေ စစ်ကြောင်းလာတာနည်းပါးပြီး လေကြောင်းကနေပင် မကြာခဏဗုံးကြဲ တိုက်ခိုက်တာတွေရှိနေတယ်လို့ သိရပါတယ်။
ဇွန် ၁ ရက်ကလည်း စဥ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာ၊ နတ်တောင်ကျေးရွာတို့ကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း