myaelatt athan

Sharing Information to the Local

ပလက်ဝတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား ၂ ဦးသေဆုံးပြီး၊ ၃ ဦးဒဏ်ရာရရှိ

0
0

မြေလတ်အသံ၊ သြဂုတ် ၂၊ ၂၀၂၂။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာအနီးတွင် ယနေ့သြဂုတ် ၂ ရက် နံနက် ၁၁ နာရီကျော်အချိန်ခန့်မှစတင်ကာ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ ၂ နာရီခန့်ကြာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။

ယင်းနောက် နေ့လယ် ၃ နာရီကျော်အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးဖြစ်‌သော်လည်း စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးသို့ အဆက်မပြတ်ပစ်ကူပေးနေခဲ့သည်ဟု သိရသည်။

ယခုလို စစ်ကောင်စီဖက်မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးတလုံးမှာ တိုက်ပွဲဖြစ်သည့်နေရာသို့ မရောက်ရှိခဲ့ဘဲ ကျောင်းသူ၊သားများကို ကြိုပို့လုပ်နေသည့် ‌စက်လှေတစီးအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းသား ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့သလို နောက်ထပ်ကျောင်းသား ၂ ဦးနဲ့ ကျောင်းလုပ်သား ၁ ဦးတို့လည်း ဒဏ်ရာရရှိခဲ့သည်ဟု ပလက်ဝမြို့ခံအမျိုးသမီးတဦးက ပြောသည်။

“စစ်လှေက တုံးမဝရွာစာသင်ကျောင်းကနေ ကျောင်းဆင်းလာတဲ့ ကျောင်းသားတွေကို ကြိုလာတာ။ ကျောင်းဆင်းလို့ ရွာကိုပြန်တဲ့အချိန်မှာ လက်နက်ကြီးကျလို့ ကျောင်းသားနှစ်ယောက်ကတော့ အဲဒီလှေထက်မှာဘဲ သေသွားခဲ့တယ်။ ကျောင်းလုပ်သားတစ်ယောက်၊ နောက် ထပ်ကျောင်းသားနှစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်။ တယောက်ကတော့ လည်ပင်းမှာ လက်နက်ကြီးစဝင်သွားတယ်။ နောက်တယောက်မှာ လက်တဖက်ပြတ်သွားတယ်။ ကျောင်းလုပ်သားမှာတော့ ခြေထောက်တဖက်ပြတ်သွားတယ်။ ကျောင်းသားတွေကတော့ ဘယ်ရွာက ဆိုတာကို မသိရသေးဘူး။” ဟု ဆိုသည်။

သေဆုံးခဲ့သူများနှင့် ဒဏ်ရာရရှိသွားသူများ စီးနင်းလာသည့် အဆိုပါစစ်လှေတွင် ကျောင်းသူ၊ကျောင်းသား စုစုပေါင်း ၁၀ ဦးပါရှိသည်ဟုလည်း သိရသည်။

ယင်းအပြင် ယနေ့နံနက် ၈ နာရီကျော်အချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာအနီးရှိ မိုင်တိုင်အမှတ် ၄၀ ဝန်းကျင်၌ လက်နက်ငယ်၊ လက်နက်ကြီးပစ်ခတ်ခဲ့သည့် အသံများကို ၂ နာရီနီးပါးခန့် ကြာခဲ့ရသည်ဟု မီးတိုက်ကျေးရွာသူတဦးက ပြောသည်။

“လက်နက်ငယ်ပစ်တာကတော့ ဆက်တိုက်ပဲ။ ပြီးတော့ လက်နက်ကြီးတခါပစ်ရင် နားတွေပင်မခံနိုင်ဘူး။ ကျမတို့ရွာထဲကို ကျလာမလားဆိုပြီးတော့တောင် စိတ်ပူနေကြရတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့က ကျမတို့ရွာနဲ့ အနည်ငယ်ပဲဝေးတာလေ။ ၁၀ နာရီလောက်ဆိုရင်တော့ ပစ်ခတ်သံတွေ ရပ်သွားကြတယ်။ ဒါပေမဲ့ နေ့ခင်း ၂ နာရီလောက်မှာ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့သေးတယ်၊” ဟု ဆိုသည်။

စစ်ကောင်စီနှင့် AAတို့မှာ ယခုနှစ်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ဖက်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲငယ်များ မကြာခ ဏဆိုသလို ဖြစ်ပွားလာနေသည်ကို တွေ့ရှိနေရသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။