myaelatt athan

Sharing Information to the Local

စစ်ကောင်စီဖမ်းသွားတဲ့ အုပ်ချုပ်ရေးမှူး ၂ဦးပါ ၁၀ဦး ၂ပတ်ကြာတဲ့အထိ သတင်းအစမရလို့ မိသားစုတွေ စိုးရိမ်နေ

0
0

မြေလတ်အသံ၊ သြဂုတ် ၂၊ ၂၀၂၂။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ရက်နေ့မှစတင်ကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ဦးပါ အရပ်သား ၁၀ဦးနှင့် အဆက်အသွယ်မရရှိသည် မှာ ယနေ့ ဩဂုတ် ၂ရက်ဆိုလျှင် ရက်ပေါင်း ၁၄ ရက်ရှိသွားပြီဟု မိသားစုဝင်များကပြောသည်။

ဖမ်းဆီးခံရပြီး သတင်းအစအနမရရှိကြသူများမှာ မောင်တောမြို့နယ်၊ ကြိမ်ချောင်းအုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်၊တရိန်းအုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်၊ သာယာကုန်းကျေးရွာတာဝန် ခံ ဦးဘသိန်း ၊ကြိမ်ချောင်းရွာသား ဦးထွန်းအေးကြိုင် ၊ ဦးထွန်ရွှေ နှင့် ပန်းတောပြင်စစ်ဆေးရေးဂိတ်မှ ၂ဦးတို့ဖြစ်သည်။

ယင်းအပြင် ကျောက်တော်မြို့ပေါ်ရှိ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ဆေးဆရာ ဦးကျော်ဟိန်းနှင့် ပုဏ္ဏာမြို့၊စံပြရပ်ကွက်မှ ဦးစောအေးမောင်နှင့် ကိုမိုးသီးခိုင်တို့ဖြစ်ကြပြီး ၎င်းတို့ကို ခမရ (၅၅၀) တပ်ရင်းမှ စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ဆိုသည်။

ဖမ်းဆီးခံရသူ ဦးကျော်ဟိန်း၏ ဇနီးဖြစ်သူ ဒေါ်အေးသန်းက”စစ်သားတွေ ဖမ်းသွားတဲ့နေ့ကစလို့ ဒီနေ့ ဒီအချိန်ထိ ကျွန်မယောကျ်ားနဲ့ပတ်သက်လို့ ဘာတခုမှ မသိရ၊မကြားရဘူး။ ဘယ်နေရာမှာရောက် လို့ရှိနေမလဲ။ သတ်ပစ်ပြီလား၊မသတ်သေးဘူးလား အရမ်းသိချင်ပါတယ်။ ကိုယ်နဲ့သိတဲ့လူတွေ ကိုလည်း ဖုန်းဆက်မေးတယ်။ သူတို့များသိမလားလို့ ဒါပေမဲ့ ဘာတခုမှမထူးပါဘူး။ ကျွန်မ ယောင်္ကျား သေသွားပြီဆိုရင်လည်း သေပြီ။ မသေးသေးဘူးဆိုရင်လည်း ဘယ်နေရာမှာရောက်ထား ထားတယ်ဆိုတာလည်းပဲ သိချင်နေမိပါတယ်။”ဟု ဆိုသည်။

အဆိုပါ ဦးကျော်ဟိန်းကို ပြီးခဲ့သည့်ဇူလိုင် ၁၉ ရက် ည၉နာရီအချိန်ခန့်တွင် ကံကြီးရှင် စစ်ဘေးရှောင်စခန်းမှ လူနာကြည့်၍ပြန်လာစဉ် မီးရထားဘူတာတွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

အလားတူ ဇူလိုင် ၂၀ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရသည့် ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသား ၂ဦး၊ တရိန်းအုပ်ချုပ်ရေးမှူး ၊သာယာကုန်းကျေးရွာတာဝန်ခံတို့မှာလည်း အပြစ်တစုံတရာ ပြုလုပ်ထားခြင်းမရှိသည့်အတွက် အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း မိသားစုဝင်များက တောင်းဆိုနေကြသည်။

ကြိမ်ချောင်းအုပ်ချုပ်ရေးမှူး၏ ဆွေမျိုးတဦးက ” ဖမ်းခေါ်သွားတာကတော့ နခခ ၇ကိုပါ။ ကျွန်တော် တို့သွားတွေ့ကြတော့ တွေ့ခွင့်လုံးဝမရဘူး။ အစောင့်ရဲသားတွေ ပြောတာကတော့ သူတို့ဒီမှာ မရှိဘူးတဲ့။ ဘယ်ရောက်သွားလည်း မေးတော့ မသိဘူးပြောတယ်။ အခုဆိုရင် တော်တော်လည်း စိတ်ပူနေရတယ်။ သူ့မယားဆိုရင် အဲဒီစိတ်နဲ့ ထမင်းတောင် ကောင်းကောင်းမစားဘူးဖြစ် နေတယ်။ ကျွန်တော်တို့က ဖမ်းထားတဲ့သူတွေကို အပြစ်ရှိတယ်လို့တွေ့ရင် ထောင်ချပေါ့။ အပြစ်မရှိဘူးဆိုရင် ပြန်လွှတ်ပေးလည်။ အခုက ဘာတွေ မှန်းလည်းမသိတော့ဘူး။ တရားဥပဒက တော်တော် လည်း စိတ်ပျက်ဖို့ကောင်းတယ်။”ဟု ဆိုသည်။

ထို့အတူ ပုဏ္ဏားကျွန်းမြို့ခံ ၂ဦးဆိုလျှင်လည်း ၎င်းတို့ကို မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို သာ သိခွင့်ရချင်ကြောင်း မိသားစုများကဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ဇွန်လနှင့်ဇူလိုင် လအတွင်း ဖမ်းဆီးခဲ့သည့် အပြစ်မဲ့အရပ် သားပြည်သူ ၅၅ဦးရှိခဲ့ပြီး ယင်းထဲမှ ၁၄ဦးကို ပြန်လွှပေးခဲ့သည်ဟု သိရှိရသည်။ပြန်မလွှပေသူများ ကိုမှု စစ်ကောင်စီဖက်မှ ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲ၊ ထောင်ချမှုများ ပြုလျှက်ရှိနေသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။