myaelatt athan

Sharing Information to the Local

ပုလဲနဲ့ မြိုင်နယ်စပ်မှာ စစ်ကောင်စီနဲ့ PDF အဖွဲ့ ၄၀နီးပါးတို့ တိုက်ပွဲပြင်းထန်ခဲ့

0
0

မြေလတ်အသံ၊ ဇူလိုင် ၁၀၊ ၂၀၂၂။

မကွေးတိုင်း မြိုင်နဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အစပ်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၄၀ နီးပါးတို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အသေအပျောက်များခဲ့တယ်လို့ Burmese Peacock PDF အဖွဲ့တာဝန်ခံဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်၆ရက်မှာ မြိုင်နယ်ဘက်က ပုလဲမြို့နယ်ထဲကိုရောက်လာတဲ့ စစ်ကြောင်းနဲ့ Burmese Peacock PDF တို့ အရင်ဆုံးထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နောက်ထပ် မဟာမိတ်အဖွဲ့တွေ ပါဝင်လာခဲ့တာဖြစ်တယ်လို့ BP PDF တာဝန်ခံ ကိုAK က ပြောပါတယ်။

” ကျနော်တို့ ဆွဲမိုင်းတွေထောင်ထားတဲ့ လမ်းပိုင်းကို သူတို့က ဆိတ်အုပ်ကို အရင်လွှတ်လိုက်တာ ဆိတ်တွေက ကြိုးတွေကို ဆွဲသွားသလိုဖြစ်ပြီး မိုင်းတွေ အကုန်ပေါက်ကွဲကုန်တာ၊ အဲ့ချိန်သူတို့ထွက်ပြေးတာကို ကျနော်တို့ လက်နက်ကြီးနဲ့ လိုက်ထုတာ” လို့ ကိုAK က ပြောပါတယ်။

ဆိတ်အုပ်ကြောင့် ပေါက်ကွဲသွားတဲ့ မိုင်းတွေက စစ်ကောင်စီတပ်သားတွေကို မထိခိုက်ပဲ လွတ်သွားခဲ့လို့ လက်နက်ကြီးနဲ့ ၃ ချက်အရင်ဆုံးပစ်ခဲ့တာကြောင့် စစ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ ပြောပါတယ်။

” ၆၀မမ နဲ့ လှမ်းထုတာဗျ၊ ပထမ ၂ချက်ပစ်တဲ့ အချိန်မှာ ဘာမှမဖြစ်သေးဘူး ၃ချက်မြောက်အလုံးက သူတို့နဲ့ မနီးမဝေးမှာ သွားကျတာ၊ လေပေါ်မှာ ၂ယောက် မြောက်သွားပြီးတော့ ၃ယောက်က မြေပေါ်မှာ လဲသွားတာ၊ အဲ့အချိန်မှာ သူတို့က စက်သေနတ်နဲ့ စဆွဲတော့တာပဲ” လို့ ပြောပါတယ်။

အဲ့ဒီနေ့က အနီးနားရွာမှာ စစ်ကောင်စီက တထောက်နားပြီး ဒဏ်ရာရသူတွေကို ဆေးကုတာတွေလုပ်ခဲ့ပြီး စစ်ကြောင်းဆက်ထိုးခဲ့တာကြောင့် မဟာမိတ်တွေကို အကူအညီတောင်းပြီး သူတို့နားနေတဲ့ ရွာထဲကို လက်နက်ကြီးတွေနဲ့ ဝိုင်းပစ်ခဲ့ကြတယ်လို့ ပြောပါတယ်။

တိုက်ပွဲကြာချိန်က တညအိမ် ၂ရက် နီးပါး တိုက်ပွဲအပြန်အလှန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အင်အား ၇၀ကျော်ကို PDF အဖွဲ့ ၄၀ လောက်ပါဝင်တဲ့ အင်အား ၂ထောင်ကျော်နဲ့ ဝိုင်းတိုက်ခဲ့ကြတာဖြစ်ပါတယ်။

” ကျနော်တို့ရွာကို လုံးဝမဝင်နိုင်တော့ မွေ့ဒုံရွာဘက်ကို စစ်ကြောင်းထိုးပြီး တရွာလုံးကို မီးရှို့တာဗျ၊ နယ်ခံဒလံပါတယ်ဗျ၊ မင်းရွာကို အရင်ရှို့တာ ပြီးတော့မှာ အလောင်းတွေဖျောက်ဖို့ မွေ့ဒုံကို ပြန်လာပြီး မီးထပ်ရှို့တာ၊ အထိအခိုက်အကျဆုံးအနေနဲ့ ကျနော်တို့ ခန့်မှန်းရသလောက်ပေါ့၊ ၂၀ ကျော် ၃၀ လောက်ရှိတယ်” လို့ Burmese Peacock PDF ရဲ့ တာဝန်ခံ ကို AK က ပြောပါတယ်။

၂ရက်ဆက်တိုက် လက်နက်ကြီးတွေနဲ့ အဖွဲ့အစုံက ဝိုင်းပစ်ကြတာဖြစ်လို့ ၂၀ ကျော် ၃၀ ဆိုတဲ့ အဲ့ဒီအရေအတွက်ဟာတိုက်ပွဲအတွင်း ဝင်တိုးလို့ မလွယ်တာကြောင့် နယ်ခံတွေပြောတဲ့ အရေအတွက်ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲကြာချိန်က ၂ရက်နီးပါးဖြစ်သလို လက်နက်ကြီးတွေဖြစ်တဲ့ ၄၀၊ ၆၀၊ ၈၀ စတဲ့ ကျည်တွေကို အလုံး ၅၀၀ နီးပါး သုံးခဲ့ရတာဖြစ်လို့ ပြန်ထုတ်လုပ်ဖို့ အကူအညီလိုနေတယ်လို့ ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ပုလဲမြို့နယ်ထဲက PDF တွေအပြင် မြိုင်မြို့နယ်ထဲက PDF တွေပေါင်းပြီး ပူးပေါင်းတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ကြတာလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။