myaelatt athan

Sharing Information to the Local

စက်သုံးဆီဈေး မကြုံဖူးအောင် အမြင့်ဆုံးသို့ရောက်ရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အခက်ကြုံနေ

0
0

မြေလတ်အသံ၊ မတ် ၃၊ ၂၀၂၂။

မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးနှုန်းမှာ တခါမှ မကြုံဖူးအောင် အမြင့်ဆုံးဈေးနှုန်းသို့ ဆက်တိုက် တက်လျှက်ရှိပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအပြင် အခြေခံလူတန်းစားများဖြစ်သည့် Taxi နှင့် ကယ်ရီသမားများ ပိုမိုအကျပ်ရိုက်နေကာ အချို့ အလုပ်ရပ်နားထားရမည့်အခြေနေနှင့် ကြုံတွေ့နေရကြောင်း မြို့ကြီးများရှိ ဒေသခံများထံကသိရသည်။

မြို့အလိုက် အနီးအဝေးကိုလိုက်၍ မတ်လ ၃ ရက်နေ့စက်သုံးဆီဈေးနှုန်း ပေါက်ဈေးမှာ အသုံးများသော Octane-92 တလီတာလျှင် မြန်မာငွေကျပ် ၁၉၅၀ မှ ၂၀၅၀ ကျပ်အထိ၊ Octane-95 တလီတာလျှင် မြန်မာငွေကျပ် ၂၀၅၀ မှ ၂၂၀၀အထိ၊ Diesel တလီတာလျှင် မြန်မာငွေကျပ် ၁၉၅၀ မှ ၂၀၅၀ ထိ၊ Premium Diesel တလီတာလျှင် ၂၀၀၀ မှ ၂၁၀၀ ထိ မြင့်တက်လျှက်ရှိကြောင်း နေ့စဉ်စက်သုံးဆီဈေးနှုန်းများ Group က သိရသည်။

“ဈေးနှုန်းကတော့ မကြုံဖူးအောင်ကို တက်လာတယ်ဆိုရမယ် တက်တာကတော့ နိုဝင်ဘာလလောက်ကတည်းက စက်သုံးဆီဈေးနှုန်းနဲ့ ဒေါ်လာဈေးနှုန်းကတက်နေတာ ဒေါ်လာဈေးနှုန်းတက်ခြင်းကျခြင်းနဲ့ စက်သုံးဆီဈေးနှုန်း တက်ခြင်းကျခြင်းက သက်ဆိုင်တယ်။ အရင်က တလီတာထည့်တဲ့သူက တလီတာထည့်ဖို့တောင် ခဲယဉ်းသွားပြီ အများအားဖြင့် တိုက်ရိုက်တန်းထိတာက ကုန်ကား ခရီးသယ်တင်ကားကြီးတွေနဲ့ ရန်ကုန်မှာဆို Taxi နှင့် ဆိုင်ကယ်ကယ်ရီသမား တွေပဲ အဲအကျိုးဆက်ကတော့ ခရီးသွားလာသူတွေနဲ့ ကုန်စည်စီးဆင်းမှုတွေမှာ အကျပ်ရိုက်လာလိမ့်မယ်” လို့ ရန်ကုန် စက်သုံးဆီအရောင်းဆိုင် မန်နေဂျာတဦးကပြောသည်။

ရန်ကုန်မြို့ကြီးရှိ Taxi ကားသမားများ အခြားနယ်မြို့များရှိ သုံးဘီးအငှားယာဉ်မောင်းများနှင့် ဆိုင်ကယ်ကယ်ရီမောင်းသမားများ၊ ဆိုင်ကယ်ဈေးသယ်များအခက်ကြုံနေရပြီး ပိုင်ရှင်မှတဆင့် ငှားရမ်းမောင်းနှင်နေရသူများ ဆီဖိုးပင်မရတော့လောက်အောင် ဖြစ်နေကြောင်း ဆိုကြသည်။

“ကျတော်တို့ပြည်မှာတော့ ဆီဈေးနဲ့ အလုပ်လုပ်မရတာ နေ့တွက်မကိုက်တာ သုံးလေးလလောက်ရှိပြီ။ အခုကတာ့အဆိုးဆုံးပဲ နောက် ဆိုင်ကယ်လိုင်စင် ဘတ်မှန်နဲ့ ဟိုစစ်ဒီစစ်တွေကလည်း ဒဏ်ရိုက်တော့ ဆိုင်ကယ်မောင်းစားဖို့တောင် မဖြစ်နိုင်တော့ဘူး အရင်က အိုးဝေငှားမောင်းတယ် မကိုက်တော့လို့ ကိုယ့်ရှိတဲ့ ဆိုင်ကယ်နဲ့ လိုက်ပို့တာတွေလုပ်တာ အခုဆီဈေးနဲ့ ဘယ်သူမှငှားစီးမှာမဟုတ်တော့ဘူး” ဟု ပြည်မြို့ရှိ ဆိုင်ကယ်ကယ်ရီသမားတဦးကပြောသည်။

စစ်အာဏာသိမ်းမှုမတိုင်ခင် စက်သုံးဆီဈေး မှာ ပျှမ်းမျှ တလီတာလျှင် မြန်မာငွေကျပ် ၆၀၀ ဝန်းကျင်မှ ၇၀၀ ဝန်းကျင်ခန့်သာရှိခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ကတည်းက ပူတာအိုမြို့တွင် တလီတာလျှင် ၂၀၀၀ ကျပ်သို့ ရောက်ရှိနေခြင်းဖြစ်ကာ လက်ရှိစက်သုံးဆီဈေးမှာလည်း ထပ်မံမြင့်တက်အုံးမည့်အခြေအနေတွင် ရှိနေကြောင်း စက်သုံးဆီရောင်းဝယ်သူများ အသိုင်းအဝန်းက သိရသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။