myaelatt athan

Sharing Information to the Local

ကံမနယ်တွင် ကုလားပဲခင်းများအတွင်း ကြွက်အများအပြားကျရောက်

0 2
0 2

မကွေး၊ ဇန်နဝါရီ ၁၈၊၂၀၂၂။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ယခုနှစ် ကုလားပဲရာသီတွင် ကြွက်များ အများအပြားကျရောက်လာကြောင်း ဒေသခံများကထံကသိရသည်။

ယင်းကျေးရွာများတွင် လက်ရှိကာလအတွင်း ကုလားပဲအသီးရင့်ချိန် ဖြစ်ပြီး စိုက်ခင်းများတွင် ကြွက်များအများအပြား ကျရောက်လာပြီး သီးများကိုကိုက်ဖြတ် စားသောက်နေသည့်အတွက် ကြွက်ဆေးများ ချနေရကြောင်း တောင်သူများက ဆိုသည်။

“မနှစ်က မကျဘူး ဒီနှစ်ကျတာများတယ်။ ဝါးသီးကြောင့်လည်းမဟုတ်ဘူး ကျတော့်တို့ဆီမှာ ဝါတုန်းသွားပြီ။ ဒီနှစ်ကကြွက်ကျတဲ့နှစ် မနှစ်ကကြွက်သတ်ဆေးတွေဘာတွေ မချရဘူး အကိုက်နည်းတယ်။ တကောင်နှစ်ကောင်ပဲ။ အခုကတော့ ကျင်းတကျင်းကို လေးငါးခုနှစ်ကောင်လောက် အောင်းပြီးကိုက်တာပဲ တဧကမှာ ပြောလို့တောင်ရမှာမဟုတ်ဘူးနော်။ အရင် စိုက်ခင်းက က အသီးမရင့်တရင်ကို စိုက်ခင်းထဲမှာရှိတဲ့ ကြွက်ကဝိုင်းကိုက်တာပေါ့။ အဲလိုကိုက်တာ။ ကြွက်ထိုးတဲ့သူတွေလည်း ထိုးနေတာပဲ။ မနိုင်ဘူး။” ဟု တောင်သူတဦးကပြောသည်။

ယခုနှစ်တွင် ကုလားပဲထွက်နှုန်း မသိရသေးသော်လည်း မဆိုးကြောင်း နှောင်းမိုးကောင်းသည့်အတွက် စိုက်ရက်လည်း စောကာ သီတင်းကျွတ်လပြည့်တွင် စိုက်ခဲ့ကာ ကြွက်များကျနေသည့်အတွက် စိတ်ညစ်နေရကြောင်း ဒေသခံတောင်သူများက ဆိုသည်။
“ကုလားပဲက မဆိုးဘူး ကြွက်တွေကိုက်နေလို့ ကြွက်သတ်ဆေး ချနေရတယ်။ အခုကတော့ အထွက်နှုန်းက မသိသေးဘူး မပေါ်သေးလို့လား‌တော့မသိဘူး စျေးကောင်းနေတယ်။ ဒါပေမယ့် ပေါ်ချိန်ကြရင်တော့ စျေးပြန်ကျသွားတတ်တယ်။” ဟု ‌တောင်သူတဦးကပြောသည်။

လက်ရှိအချိန်တွင် ကုလားပဲတတင်း လေးသောင်းကျပ်ပေါက်နေပြီး စိုက်ချိန်က မျိုး တတင်းလျှင် ငါးသောင်းပေးဝယ်ခဲ့ရကြောင်း မြေနေရာကိုလိုက်၍ တဧကလျှင် မျိုး နှစ်တင်းခန့် ကျဲရပြီး ပိုးသတ်ဆေး၊ အပင်အားဆေး၊ အပွင့်အသီးအားဆေး ငါးသောင်းဖိုးခန့် ကုန်ကျကြောင်း သိရသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။