myaelatt athan

Sharing Information to the Local

ပေါက်ခေါင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့နေ

ပေါက်ခေါင်း၊ မေ ၂၆၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က မေ ၂၆ ရက် ဒီမွန်းလွဲ ၁၂ နာရီကျော်မှာ စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

ပေါက်ခေါင်းမြို့ပေါ်ကနေ စစ်ကား ၃ စီးနဲ့ သိုက်ချောင်းကျေးရွာကိုဝင်ရောက်လာပြီးနောက် နေ့လယ် ၁ နာရီကျော်မှာ နေအိမ်တွေကိုမီးရှို့နေတာလို့ဆိုပါတယ်။

“စကစတွေရွာထဲကနေမထွက်သေးဘူး။ မီးရှို့နေတာကို အဝေးကနေလှမ်းမြင်ရတယ်။ မီးခိုးလိပ်တွေ တော်တော်ကိုထွက်နေတာဗျ။ ရွာခံတွေကတော့ အကုန်လုံးထွက်ပြေးကြကုန်ပြီ”လို့ မြေပြင်အခြေအနေကိုသိရှိသူ အမျိုးသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်ပြီး သိုက်ချောင်းကျေးရွာကို မီးရှို့နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သူကဆက်ပြောပါတယ်။

ပေါက်ခေါင်းဒေသခံ နောက်ထပ်အမျိုးသားတဦးကလည်း ဒီကနေ့ နေ့လယ် ၁ နာရီကျော်ကစတင်ကာ ဒီနေ့လယ် ၃ နာရီကျော်အထိ သိုက်ချောင်းကျေးရွာဘက်နေ လက်နက်ကြီးပစ်ခတ်သံ ၁၀ ကြိမ်ထက် မနည်း ကြားနေရတယ်လို့ ပြောပါတယ်။

“အကြိမ်အရေ ၁၀ ချက်လောက်ရှိပြီး။ အသံကျယ်ကျယ်က ၄ ချက်လောက်။ အတော်ကျယ်တယ်။ အသံကလေသင့်နေတော့ အတော်ကျယ်ကျယ်ကြားရတယ်”လို့ သူကဆိုပါတယ်။

သိုက်ချောင်းကျေးရွာမီးရှို့နေတာကြောင့် သိုင်းချောင်း၊ ကွမ်းအုံစု၊ အိုင်ဇောက်၊ ဗောဓိကုန်း၊ တာကောက်၊ မြှောက်ခွေး၊ ရဲချောင်းခြားစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်။

အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ သိုက်ချောင်းကျေးရွာကို ပြီးခဲ့တဲ့ဧပြီ ၃၀ ရက်ကလည်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ဝင်ရောက်မီးရှို့ခဲ့ရာ လူနေအိမ် ၇ လုံးပြာကျခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၉ ရက်မှာလည်း သိုင်းချောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ၂၃ ရက်မှာတော့ သိုက်ချောင်း ရွာကိုမီးဝင်ရှို့ခဲ့ရာ လူနေအိမ် ၆ လုံးမီးလောင်ကျွမ်းခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။