myaelatt athan

Sharing Information to the Local

တိုက်ပွဲပြင်းထန်နေတဲ့ ညောင်ကျိုးစစ်ကောင်စီတပ်စခန်းအတွက် ဥသျှစ်ပင်မြို့ခံတွေက ထမင်းထုပ်အလှည့်ကျပို့ပေးရ

ပန်းတောင်း၊ မတ် ၁၀၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်က ညောင်ကျိုးစစ်ကောင်စီတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့အတွက် ဥသျှစ်ပင်မြို့ခံတွေက ထမင်း၊ ဟင်း ချက်ပြုတ်ပို့ပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဥသျှစ်ပင်မြို့ ပြည်တော်သာ၊ ရတနာပုံနဲ့ ရွှေပင်ရပ်ကွက်ဒေသခံတွေက အလှည့်ကျ ၁ အိမ် ထမင်းထုပ် ၁ ထုပ်နှုန်း ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကို ထံ ပို့ဆောင်ပေးရတာဖြစ်ပြီး ၎င်းအုပ်ချုပ်ရေးမှူးက ညောင်ကျိုးစစ်ကောင်စီတပ်ဖွဲ့တွေထံ ဆက်လက်ပေးပို့နေတာလို့ ဆိုပါတယ်။

“ရပ်ကွက်ထဲ ထမင်းပို့ရတဲ့စာရင်းတွေကောက်ပြီး ၁ အိမ် ၁ ထုပ်ပေးနေရတာ။အောင်ကိုက စစ်သားတွေ ဗူးသီးဖက်နဲ့ ငါးနီတူ ၃ကောင်ပဲစားရလို့ သနားလို့တဲ့။ အိမ်တွေကို သူတို့ကိုယ်တိုင်လိုက်ယူတာလည်းရှိတယ်။ ကျန်တဲ့အိမ်တွေကတော့ ရုံးကိုပို့ရတယ်။”လို့ ပန်းတောင်းဒေသခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

မတ် ၆ ရက်ကစတင်ကာ ညောင်ကျိုးစစ်ကောင်စီတပ်စခန်းကအတွက် ဒေသခံတွေက ထမင်းထုပ်ပို့ဆောင်ပေးနေရတာဖြစ်ပြီး ဒီကနေ့ မတ် ၁၀ ရက်အထိ ပို့ဆောင်ပေးနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“အလှည့်ကျ ပို့ရမယ်လည်း ပြောတယ်။ တပ်မိသားစုတွေရှိတဲ့လမ်းတွေကျ စုချက်ကြတယ်။ မနက် ၈ နာရီဆိုတာနဲ့ အစုံပို့ရတယ်။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ညောင်ကျိုးစခန်းတိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က မှော်ဘီမြို့အခြေစိုက် ခမရ တပ်ရင်း ၃ ရင်းကို ပို့ဆောင်ကာ ခုခံနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ညောင်ကျိုးကျေးရွာရှိ ပင်မစခန်းကုန်းမှာ ရခိုင်ရိုးမပေါ်ရှိ ပန်းတောင်း-တောင်ကုတ်ကားလမ်းမပေါ်မှာတည်ရှိပြီး ညောင်ခြေထောက်ကျေးရွာအခြေစိုက် ကပစ ၆ နဲ့ ၁၀ မိုင်ခန့်ကွာဝေးပါတယ်။

ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းမရှိ ရခိုင်ရိုးမပေါ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ မိုးထိတောင်၊ ပန်းကန်ကွဲ၊ တောင်ပုံကြီး၊ နတ်တောင်ကုန်းတို့ကို အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။