ပဲခူး၊ ဒီဇင်ဘာ ၇၊ ၂၀၂၁။
ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်က နယ်မြေရဲစခန်းတွေအထိ သွားရောက်ပြီး မဲနှစ်ကြိမ်ပေးခဲ့တယ်ဆိုပြီး ပြည်သူအချို့ကို အမှုဖွင့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
အမှုဖွင့်ခံရသူ ၈ ဦးလောက်ရှိပြီး၊ အချို့ဟာ စစ်ကောင်စီရဲ့ခြိမ်းခြောက်ငွေတောင်းခံတာကို ခံရကြောင်း သိရပါတယ်။
“ကျနော်တို့ကြားမိသလောက်က အမူဖွင့်ခံရသူ ၈ ဦးလောက်ရှိတယ်လို့ သိရတယ် မိတ်ဆွေတဦးရဲ့သား CDM ဝန်ထမ်းကိုလည်း အရင်က ခြိမ်းခြောက်ငွေတောင်းတာတွေရှိခဲ့တယ်ပေးလည်းပေးခဲ့ရတယ်။ အခုလည်း မဲနှစ်ကြိမ်ပေးတယ်ဆိုပြီး အမှုဖွင့်နေပြန်ပြီ ဖြစ်ပုံက သူ့နာမည်က အခြားအုပ်စုထဲမှာလည်းပါနေတာ အဲဒါနဲ့သူ့ကို မဲနှစ်ကြိမ်ပေးတယ်ဆိုပြီးစွပ်စွဲတာ တမင်သက်သက်လုပ်တာ” လို့ အမှုဖွင့်ခံရတဲ့ CDM ဝန်ထမ်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အမူဖွင့်ခံရသူထဲမှာ CDM ဝန်ထမ်း တဦးလည်းပါဝင်တာမှန်ကန်ကြောင်း စခန်းမှူးနဲ့ နယ်ထိန်းကမေးမြန်းစုံစမ်းတာတွေ ပြုလုပ်ခဲ့သေးကြောင်း၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဌတဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်ကောင်စီခန့် ဗဟိုရွေးကောက်ပွဲကော်မရှင်က မဲနှစ်ကြိမ်ပေးသူတွေကို အမူဖွင့်ဖို့အောက်ခြေကော်မရှင်တွေကို ခိုင်းစေထားပြီး ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်တနှစ် ဒါမဟုတ်ဒဏ်ငွေ တသိန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။