myaelatt athan

Sharing Information to the Local

သာဂေါင်ရွာမှာတပ်စွဲခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာကိုမီးရှို့ပြီး ဒေသခံ ၆ ဦးကိုပါခေါင်းဖြတ်၊ မီးရှို့သတ်ခဲ့

ရေစကြို၊ မတ် ၁၄၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင်ရွာမှာအထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံ ၆ ဦးကိုသတ်ဖြတ်ခဲ့ပြီး ရွာကထွက်ချိန်မှာလည်းနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တပ်မ ၁၀၁ လက်အောက် အင်အား ၃၀၀ ဝန်းကျင်ပါ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ စစ်ကြောင်းဟာ မတ် ၇ ရက်ကနေ ၁၂ ရက်အထိ သာဂေါင်ရွာမှာအထိုင်ချနေထိုင်ခဲ့ပြီး မတ် ၁၂ ရက် မနက်ပိုင်းမှာရွာကပြန်ထွက်ချိန် နေအိမ်တွေကိုမီးရှို့ခဲ့တာပါ။

စစ်ကြောင်းပြန်ထွက်သွားချိန်မှာတော့ ဒေသခံတွေက ခေါင်းဖြတ်၊ မီးရှို့သတ်ခံထားရတဲ့ အလောင်း ၆ လောင်းကိုတွေ့ခဲ့ရတာလို့ ဆိုပါတယ်။

“သူတို့ပြန်ထွက်သွားတဲ့အချိန်မှာ နှိပ်စက်ဖမ်းဆီးမီးရှို့သတ်ဖြတ်သွားတဲ့ ရုပ်အလောင်း ၆ လောင်းကိုတွေ့ရတယ်၊ သတ်တာတော့ ဘယ်အချိန်သတ်တယ်ဆိုတာတော့ မသိရဘူး၊ သူတို့ အထိုင်ချသွားတဲ့ ရက်အတွင်းမှာ အားလုံး ၆ ဦးအသတ်ခံရတယ်၊ ၁ ဦးကတော့ ခေါင်းဖြတ်ပြီးတော့ မီးရှို့ထားတယ်၊ ခေါင်းကိုတော့ အိမ်ခြံစည်းရိုးမှာ ချိတ်ထားတာ၊” လို့ ဒေသခံတဦးကပြောပါတယ်။

သာဂေါင်ရွာက အသက် ၆၅ နှစ် အရွယ် ဦးချစ်မောင်၊ အသက် ၄၂ နှစ် အရွယ် ဦးသန်းမင်းလှိုင်၊ အသက် ၉၁ နှစ် အရွယ် ဦးအုန်း၊ အသက် ၇၀ အရွယ် ဒေါ်ခင်စန်းဝေ တို့အသတ်ခံရပြီး ကျန် ၂ ဦးကတော့ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဒေသခံတွေလည်းနေရပ်ကနေထွက်ပြေးတိမ်းရှောင်နေကြပြီး ပျက်စီးဆုံးရှုံးတဲ့ နေအိမ်အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။

“အိမ်အရေအတွက်တော့ မသိရသေးဘူး၊ သူတို့ကတော့ နေအိမ်ကတွေ့သမျှပစ္စည်း အကုန်ယူတယ်၊ လက်ဝတ်လက်စား ရွှေ၊ ဖွက်ထားတဲ့ပစ္စည်းကအစ မကျန်ယူသွားကြတာ”လို့ ရေစကြိုမြို့ခံတဦးက ပြောပါတယ်။

သာဂေါင်ရွာကထွက်ခွာသွားတဲ့စစ်ကြောင်းဟာ မတ် ၁၄ ရက်ဒီနေ့မှာ မြေတော်ရွာ၊ ဘီးစပ်ကုန်းရွာက နေအိမ်တွေကို မီးဆက်ရှို့နေတယ်လို့ သိရပါတယ်။

သာဂေါင်ကျေးရွာဟာ အိမ်ခြေ ၅၀၀၊ လူဦးရေ ၂,၀၀၀ ဝန်းကျင်ရှိပြီး ဒေသခံအားလုံးနီးပါး တိမ်းရှောင်နေကြရသလို ဇရပ်နီရွာ၊ ရွှေလှံရွာ၊ မြေစွန်းတော်ရွာ၊ ဆင်ချီရာရွာ၊ သာဂေါင်ရွာ၊ နမော့ရွာ၊ မိဖုရားရွာ၊ မီးလောင်ကျွန်းရွာ တို့က ဒေသခံ ၂၀,၀၀၀ ကျော်လည်း စစ်ဘေးရှောင်နေရပြီး သူတို့အတွက် ဆေးဝါး၊ စားနပ်ရိက္ခာလို‌အပ်နေတယ်လို့ အထက်ပါဒေသခံကပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။