myaelatt athan

Sharing Information to the Local

ရခိုင်ရိုးမပေါ်က ညောင်ကျိုးပင်မစခန်းကို AA သိမ်းပိုက်

ပန်းတောင်း၊ မတ် ၁၄၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ ညောင်ကျိုး ပင်မစခန်းကုန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပြီလို့ AA နဲ့နီးစပ်သူတွေနဲ့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ညောင်ကျိုးကျေးရွာရှိ ပင်မစခန်းကုန်းကို AA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ဒုတိယပတ်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မတ် ၁၁ ရက်မှာ သိမ်းပိုက်ရရှိခဲ့ကာ အဲ့ဒီပင်မစခန်းကုန်းက စစ်ကောင်စီတပ်သားတွေ စခန်းကိုစွန့်ခွာဆုတ်ပြေးပြီး လက်ရှိမှာ ကပစ ၆ အခြေစိုက်တဲ့ ညောင်ခြေထောက်ကျေးရွာအုပ်စု၊ ဆင်လန်ကျေးရွာမှာ ခံစစ်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

“၁၁ ရက်နေ့က ညောင်ကျိုးစခန်းကို သိမ်းပိုက်ရရှိတယ်လို့ သတင်းရတယ်။ တချို့ကလည်း ဝိုင်းဝန်းပိတ်ဆို့ပြီးမှ ညောင်ကျိုးကိုသိမ်းလိုက်တာမျိုးမဟုတ်ဘဲနဲ့ ပိတ်ပြီးတော့ အောက်ကနေဝိုက်လိုက်လို့ စခန်းကလုံးလုံးပိတ်သွားလို့ စခတွေပြေးသွားတယ်လို့ပြောတယ်။”လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရထွက်ပြေးသူတွေရှိပြီး စစ်ကောင်စီတပ်ရဲ့ရာထူးကြီးပိုင်း ၁ ဦးလည်း မျက်နှာမှာထိမှန်ဒဏ်ရာရထားတယ်လို့ ကြားသိရကာ ညောင်ကျိုးရွာပင်မစခန်းကုန်း သိမ်းပိုက်ခံရတဲ့ညပိုင်းက ဥသျှစ်ပင်မြို့ပေါ်မှာ စက်တပ်လေထီးတွေ တညလုံးဝဲပျံနေတယ်လို့ အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အလားတူ အာရက္ခတပ်တော် AA နဲ့နီးစပ်သူ တော်လှန်ရေးရဲဘော်တဦးကလည်း ညောင်ကျိုးစခန်းကို သိမ်းပိုက်ရရှိတာ မှန်ကန်ကြောင်း တိကျတဲ့အချက်အလက်တွေကိုတော့ မသိရှိရသေးကြောင်း ဆိုပါတယ်။

ညောင်ကျိုးပင်မစခန်းကုန်းကို သိမ်းပိုက်ရရှိထားတာနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို AAရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစုံတရာပြောဆိုတာမရှိပါဘူး။

စစ်ကောင်စီတပ်ရဲ့ညောင်ကျိုးကျေးရွာ ပင်မစခန်းကုန်းမှာ ရခိုင်ရိုးမပေါ်ရှိ ပန်းတောင်း-တောင်ကုတ်ကားလမ်းမပေါ်မှာတည်ရှိပြီး ညောင်ခြေထောက်ကျေးရွာအခြေစိုက် ကပစ ၆ နဲ့ ၁၀ မိုင်ခန့် ကွာဝေးပါတယ်။

ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းမရှိ ရခိုင်ရိုးမပေါ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ မိုးထိတောင်၊ ပန်းကန်ကွဲ၊ တောင်ပုံကြီး၊ နတ်တောင်ကုန်းတို့ကို အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။