myaelatt athan

Sharing Information to the Local

ရွာလုံးကျွတ်နီးပါးမီးလောင်ခဲ့တဲ့ မုန်းဇလဲရွာက ဒေသခံ ၁,၄၀၀ ကျော် အကူအညီလိုအပ်နေ

ပွင့်ဖြူ၊ မတ် ၁၄၊ ၂၀၂၅။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာက မီးဘေးသင့်ပြည်သူ ၁,၄၀၀ ကျော်အတွက် အကူအညီလိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။

မီးဘေးသင့်ပြည်သူတွေအတွက် လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက် ဌာနဆိုင်ရာအချို့က လာရောက်လှူဒါန်းမှုတွေရှိပေမယ့် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။

“အိမ်သာတွေ လိုမယ်။ စက်ရေတွင်းတွေ ပြန်လည်တူးဖော်ဖို့ လိုမယ်။ တောင်သူသုံးပစ္စည်းတွေ လိုမယ်။ မသန်စွမ်းတွေအတွက် အထောက်ကူပြုပစ္စည်းတွေ လိုမယ်။ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုတွေနဲ့ကလေးသူငယ်တွေအတွက် လိုအပ်တဲ့ဖြည့်စွက်စာတွေ လိုမယ်။ အခြား ဆန်ဆီဆေးဆားတွေလည်း လိုတယ်။”လို့ မီးဘေးသင့်ပြည်သူတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

မီးဘေးသင့်ပြည်သူ ၁,၄၄၅ ဦးကတော့ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ အခြေခံပညာကျောင်းတွေမှာ ယာယီခိုလှုံနေကြရပါတယ်။

မတ် ၁၂ ရက်နေ့လယ် ၂ နာရီခန့်မှာ မုန်းဇလဲကျေးရွာ အနောက်တောင်အရပ်က နေအိမ် ၁ လုံးမှာ လူကြီးတွေမရှိချိန် ကလေးတွေက ထင်းမီးနဲ့ဟင်းချက်စားရာကနေ နေအိမ်ကိုမီးကူးပြီး မီးလောင်မှုစတင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်ချိန်မှာ ရာသီဥတုကပူပြင်းတာနဲ့ လေကလည်းတိုက်နေချိန်ဖြစ်တာကြောင့် မီးစလောင်တဲ့ နေအိမ်က မီးလောင်လက်စဝါးတွေနဲ့သစ်တွေက အခြားနေအိမ်တွေပေါ်ကျရာကနေ ထပ်ဆင့်မီးကူးပြီး ရွာရဲ့ ၇၀ ရာခိုင်နှုန်းနီးပါး မီးလောင်ကုန်တာလို့ဆိုပါတယ်။

မီးလောင်မှုကြောင့် ကျန်းမာရေးမကောင်းတဲ့ အသက် ၆၈ နှစ်အရွယ် ဦးထွေးရင်ဆိုသူ မီးလောင်သေဆုံးပြီး နွား ၃ ကောင်၊ မြင်း ၁ ကောင်၊ ဝက် ၁၀ ကောင်၊ အိမ်ခြေ ၃၇၂ အိမ်၊ လှည်းတွေအပါအဝင် လယ်ယာသုံးစက်ပစ္စည်းတွေနဲ့ အိမ်တွင်းပစ္စည်းတွေ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မီးလောင်အပျက်စီးတွေကိုတော့ မတ် ၁၄ ရက်မနက်ပိုင်းထိ ဒေသခံတွေက ဆက်လက်ရှင်းလင်းနေပြီး မီးဘေးသင့်ပြည်သူတွေကတော့ ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေမှာ ဆက်လက် ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။