ဘုတလင်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

0 2
0 2

ဘုတလင် ၊ မေ ၂၁ ၊ ၂၀၂၅ ။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ မြဝတီရပ်ကွက်ရှိ အထကကျောင်းဝန်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့နယ်ပကဖဆီက သိရပါတယ်။

စစ်ကောင်စီတပ်အင်အား ၅၀ ဝန်းကျင်ရှိတဲ့ အဆိုပါအထကကျောင်းကို မေ ၁၈ ရက် မနက် ၆ နာရီခွဲကနေ စတင်တိုက်ခိုက်ခဲ့ရာ မနက် ၉ နာရီခွဲအထိ ၃ နာရီကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ ကူတော်ရွာ ရဲစခန်းသိမ်းလိုက်နိုင်ပြီးကတည်းက ကျောင်းထဲမှာ အခိုင်အမာတပ်စွဲထားတာ ဖြစ်ပါတယ်၊ ကျနော်တို့ ပစ်ခတ်ခဲ့တာက သူတို့တပ်စွဲထားတဲ့ အုတ်တံတိုင်းအထိ နေရယူတယ်၊ ပြီးရင် ကျောင်းပေါက်က ဘန်ကာတွေအထိ ကျနော်တို့နေရာယူပြီးတော့ပစ်တာဖြစ်တယ်။ မီတာ ၅၀၊ မီတာ ၇၀၊ မီတာ ၁၀၀ လောက်ကနေ ကျနော်တို့ဝိုင်းပစ်တာ။” လို့ ဘုတလင်မြို့နယ်ပကဖ ဒုတာဝန်ခံနဲ့ စစ်ရေးတာဝန်ခံ ကိုကြွက်ကလေးက ပြောပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး ဘုတလင်ဆေးရုံမှာကုသနေရတယ်လို့ အထက်ပါပကဖတာဝန်ခံက ပြောဆိုထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေတွေကိုတော့ မြေလတ်အသံက အတည်မပြုနိုင်ပါဘူး။

ဒီတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့၊ ဘုတလင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ ဘုတလင်မြို့နယ် တိုက်နယ် ရပ်ကျေးပေါင်းစုံ၊ မုံရွာမြို့နယ် ရပ်ကျေး ပကဖ၊ ရေဦးမြို့နယ် ပကဖ၊ တိုက်နယ် ကိုကင်း တို့က ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် – M

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။