myaelatt athan

Sharing Information to the Local

စဉ့်ကူးကရွာ ၂ ရွာဗုံးကြဲခံရလို့ ၁ ဦးသေဆုံး

စဉ့်ကူး၊ မေ ၅၊ ၂၀၂၅။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မေ ၃ ရက်မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံး ၅ ကြိမ်ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးဆီက သိရပါတယ်။

ဗုံးကြဲခံရတဲ့ကျေးရွာ ၂ ရွာမှာ လက်ပန်လှ နဲ့ ထုံးကြီးတို့ဖြစ်ပြီး လက်ပန်လှရွာ ပြည်စိုးအောင်ရပ်ကွက်၊ မူလအောင်မြေဘုန်းကြီး ကျောင်းအရှေ့မြောက်ဘက် လယ်ကွင်းကို ၁ ကြိမ်၊ တံတားအနီးကို ၁ ကြိမ်၊ ငြိမ်းချမ်းအောင်ရပ်ကွက်ကို ၂ ကြိမ်နဲ့ ထုံးကြီးကျေးရွာကို ၁ ကြိမ် အသီးသီးကြဲချခဲ့တာလို့ ဆိုပါတယ်။

ပုံစာ – လေကြောင်းတိုက်ခိုက်ခံရသည့် ထုံးကြီးကျေးရွာ။

“ဖိုက်တာနဲ့လာကြဲတာဗျ။ လက်ပန်လှကို ၄ ကြိမ်ကြဲတယ်။ တခါလာကြဲရင် ဗုံးသီး ၁ လုံးစီချတာ။ ထုံးကြီးရွာကိုကြဲတဲ့အခါမှာတော့ ၂ လုံးကျဲချခဲ့တယ်”လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေး အဖွဲ့မှတာဝန်ရှိသူတဦးက ပြောပါတယ်။

ထုံးကြီးကျေးရွာဗုံးကြဲခံရမှုမှာ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးသေဆုံးပြီး နောက်ထပ်အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၅ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

လက်ပန်လှကျေးရွာဗုံးကြဲခံရမှုမှာတော့ အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၂ လုံး ပြိုကျပျက်စီးပြီး သေဆုံးမှုမရှိခဲ့ဘူးလို့ အထက်ပါတာဝန်ရှိသူကဆက်ပြောပါတယ်။

ပုံစာ – လေကြောင်းတိုက်ခိုက်ခံရသည့် ထုံးကြီးကျေးရွာ။

“စကစကပြည်သူကိုညှာတာရမယ့်အစား ဗုံးကြဲချနေတယ်။ သူက (စကစ) နိုင်ငံတကာအမြင်မှာတော့ ပြည်သူတွေကိုကူညီနေတယ်ဆိုပြီးတော့ ဝါဒဖြန့်နေတယ်။ တကယ်တမ်းကျတော့ ပြည်သူကို သတ်ဖြတ်နေတယ်။ အဲ့တာကြောင့် ဗုံးခိုကျင်းတွေတူးကြဖို့နဲ့ အမြဲသတိရှိကြဖို့လိုတယ်”လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်ကလည်း စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်ရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်ကဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။