myaelatt athan

Sharing Information to the Local

နပခ စစ်ဆင်ရေးနဲ့အမ်းမြို့သိမ်းတိုက်ပွဲပြန် တော်လှန်ရေးတပ်ဖွဲ့၀င်တွေကို ပြည်သူတွေကြိုဆို (ရုပ်/သံ)

မြေလတ်အသံ၊ မေ ၄၊ ၂၀၂၅။

ရခိုင်ပြည်၊ အမ်းမြို့နဲ့ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်(နပခ)သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော်(AA)နဲ့အတူ တိုက်ပွဲဝင်ပြီး နေရပ်ပြန်လာတဲ့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တပ်ဖွဲ့၀င်တွေကို ဒေသခံတွေကကြိုဆိုခဲ့တယ်လို့ စလင်း ပကဖ က မေ ၃ ရက်မှာထုတ်ပြန်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်ရေးနဲ့ မဟာမိတ်ဆက်ဆံရေးတခုကို တည် ဆောက်ဖို့အတွက် စလင်းပကဖ ရဲ့ ရဲဘော် ၁၀၀ ဦးကို အာရက္ခတပ်တော်(AA)နဲ့အတူ တိုက်ပွဲဝင်ဖို့စေလွှတ်ခဲ့တာဖြစ်ပြီး အဆိုပါတပ်ဖွဲ့၀င်တွေက အမ်းမြို့သိမ်းတိုက်ပွဲနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုအောင်ဆန်းက ပြောပါတယ်။

“အခုလိုမျိုးစေလွှတ်လိုက်တဲ့အခါမှာဆိုလို့ရှိရင် ကျနော်တို့အနေနဲ့ အာရက္ခတပ်တော်ရဲ့ စစ်ရေး၊ လေ့ကျင့်ရေး အတွေ့အကြုံတွေကို ကျနော်တို့ရဲဘော်တွေအများကြီးရရှိခဲ့တယ်။ စစ်ရေးအကျိုးအမြတ်တွေ၊ အတွေ့အကြုံတွေလည်း ကျနော်တို့များစွာ ရရှိခဲ့ပါတယ်”လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုအောင်ဆန်းက ပြောပါတယ်။

တိုက်ပွဲဝင် တပ်ဖွဲ့၀င် ၁၀၀ ဦးအနက် ၈ ဦးဟာ တိုက်ပွဲအတွင်းကျဆုံးခဲ့ပြီး တပ်ဖွဲ့၀င် ၁ ဦး မှာလည်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တယ်လို့ ကိုအောင်ဆန်းက ဆက်ပြောပါတယ်။

အဆိုပါ အသက်ရှင်ကျန်ခဲ့တဲ့ ရဲဘော် ၉၂ ဦးဟာ စလင်းမြို့နယ်ရှိမိခင်တပ်စခန်းကို ပြန်လည်ရောက်ရှိလာချိန်မှာတော့ ဒေသခံပြည်သူတွေက ပန်းတွေ စားစရာတွေနဲ့ ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)ဟာ အမ်းမြို့နဲ့မြို့ အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တခုလုံးကို ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၂၀ ရက်၊ နေ့လယ် ၁၂ နာရီမှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။

တည်းဖြတ် – HP

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။