‘ရွှေဇာမဏီ’ရွှေဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ ၂၀ ကျပ်သားပါသွား(ရုပ်/သံ)

0 5
0 5

မန္တလေး၊ ဧပြီ ၂၉၊ ၂၀၂၅။

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃ × ၁၀၄ လမ်းကြား၊ ၅၅ လမ်းပေါ်ရှိ “ရွှေဇာမဏီ”ရွှေဆိုင်ဓါးပြတိုက်ခံရပြီး ရွှေ ၂၀ ကျပ်သားကျော်ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၈ ရက်နေ့လယ် ၂ နာရီ မိနစ် ၄၀ ခန့်မှာ ပြောက်ကျားယူနီဖောင်းဝတ် အမျိုးသား ၂ ဦး၊ အရပ်ဝတ် အမျိုးသား ၃ ဦးတို့ဟာ ကား ၁ စီးနဲ့ရွှေဆိုင်ကိုရောက်လာပြီး ရွှေဆိုင်ပိုင်ရှင်လင်မယား ၂ ဦး၊ ဆိုင်ဝန်ထမ်း ၁ ဦးတို့ကို သေနတ်နဲ့ခြိမ်းခြောက်ကာ ရွှေတွေကိုယူသွားတာလို့ ဆိုပါတယ်။

“အဲ့နေရာက တော်တော်လူစည်တဲ့နေရာ။ တိုက်သွားတာလည်း ညနေခင်းကြီး။ ညပိုင်းတောင်လူစည်တဲ့နေရာ။ အဲ့ဘက်မှာ အောင်ပင်လယ်လူမိုက်၊ ပျူဂိုဏ်းတွေလည်းရှိတာ။ ဆေးသမားတွေလည်းရှိတာဆိုတော့ ဘယ်သူဆိုတာတော့ပြောရခက်တယ်”လို့ ဒေသခံ အမျိုးသမီး တဦးကပြောပါတယ်။

ဓါးပြတိုက်ခံရလို့ နားကပ်၊ လက်စွပ်တွေနဲ့လက်ကောက်တွေအပါအဝင် ရွှေချိန် ၂၀ ကျပ်သားကျော် ပါသွားတယ်လို့ သိရပါတယ်။

ထွက်ပေါ်လာတဲ့ “ရွှေဇာမဏီ”ရွှေဆိုင်ဓားပြတိုက်မှုဖြစ်စဥ် CCTV မှတ်တမ်းအရ ပြောက်ကျား ယူနီဖောင်းဝတ်အမျိုးသား ၂ ဦးက သေနတ်အတိုတွေကိုင်ဆောင်ထားပြီး ဆိုင်ရှင် လင်မယား ၂ ယောက်ကို သေနတ်နဲ့ချိန်ထားကာ ဆိုင်ဝန်ထမ်းအမျိုးသားကိုတော့ဘာမှမလုပ်ဘဲ အရပ်ဝတ်ဓားပြအဖွဲ့ဝင် ၂ ဦးက ရွှေထည်တွေထည့်ထားတဲ့ ဗန်း ၉ ခုနဲ့အိုင်ဖုန်းတလုံးတို့ကို ယူဆောင်ကာ ထွက်သွားတယ်ကိုတွေ့ရပါတယ်။

ဧပြီ ၂၉ ရက်မနက်ပိုင်းထိ အဆိုပါ ဓါးပြအဖွဲ့ကို ဖမ်းမိတာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။

ဧပြီ ၁၀ ရက်ကလည်း အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၅၈ × ၁၀ လမ်းကြားရှိ မိုးမန္တလေးရွှေဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၁၃၀ ကျော်တန်ဖိုးရှိ ရွှေထည်တွေပါသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – HP

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။