မြေလတ်အသံသတင်းထောက် ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ချ

0 4
0 4

မြေလတ်အသံ၊ ဧပြီ ၂၉၊ ၂၀၂၅။

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ မြေလတ်အသံသတင်းဌာနသတင်းထောက် ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တယ်လို့ ၎င်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။

၎င်းကို မြန်အောင်မြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ ဧပြီလ ပထမပတ်အတွင်းက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တာဖြစ်ပြီး လက်ရှိမှာ ဟင်္သာတအကျဥ်းထောင်ကို ပို့ဆောင်ထားပါတယ်။

” သူ့ဖုန်းကိုဒီတိုင်း ရိုးရိုးစစ်တော့မပေါ်ဘူး၊ ကွန်ပျူတာတွေနဲ့ပြန်ထိုးစစ်တာမှာ မြေလတ်အသံအနေနဲ့ သတင်းယူထားတာတွေ၊ PDF နဲ့ စကားပြောထားတာတွေ တွေ့ပြီး ၅၂(က) တပ်လိုက်တာ” လို့ ၎င်းနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ကိုသန်းထိုက်မြင့်ဟာ အမျိုးသမီးဖြစ်သူ မီးဖွားရက်နီးလာလို့ မြန်အောင်မြို့နယ်၊ အင်ပင်မြို့ရှိ ၎င်းရဲ့နေအိမ်ကို ခေတ္တပြန်လည်နေထိုင်စဥ် ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းပိုင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။

၎င်းကို မြန်အောင်အခြေစိုက် ခလရ ၅၁ တပ် စစ်ကြောရေးမှာ ၇ ရက်ခန့် ရိုက်နှက်စစ်ဆေးခဲ့ပြီးတဲ့နောက် မြန်အောင်မြို့ရဲစခန်းအချုပ်ကိုပို့ဆောင်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ စစ်ကောင်စီက တရားစွဲဆိုခဲ့တာပါ။

ကိုသန်းထိုက်မြင့်ဟာ မြေလတ်အသံသတင်းဌာန သတင်းထောက်အဖြစ် ၂၀၂၄ ဇွန်လက စတင်ကာ ၎င်းဖမ်းဆီးမခံရမီဇန်နဝါရီလအထိ သတင်းတွေရေးသားဖော်ပြခဲ့ပြီး ၎င်းမှာ ၂၀၂၁ အတွင်း ပုဒ်မ ၅၀၅(က)နဲ့ ပထမအကြိမ်ဖမ်းဆီးထောင်ချခံခဲ့ရကာ ၂၀၂၂ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူလည်း ဖြစ်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာသတင်းသမား ၂၀၀ ခန့် စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချတာကိုခံခဲ့ရပြီး အဲ့ဒီထဲက သတင်းသမား ၄၃ ဦးဟာ အကျဥ်းထောင်တွေထဲ မှာ ဆက်လက်အကျဥ်းချခံထားရကာ ထောင်ဒဏ် ၁၀ နှစ် အထက်ချမှတ်ခံထားရသူ ၁၁ ဦးပါဝင်တယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM) က ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ – RSF ရဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းမီဒီယာလွတ် လပ်ခွင့်အညွှန်းကိန်းမှာလည်း မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၁ မှာဖြစ်နေပြီး အန္တရာယ်အများဆုံးအဆင့်မှာရှိနေတယ်လို့ ဖော်ပြခံထားရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။