myaelatt athan

Sharing Information to the Local

မင်းလှမှာ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

0
0

မင်းလှ၊ ဧပြီ ၂၇၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ပိုင်း၊ မင်းလှမြို့နယ်ကအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခံရပြီးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။

အလယ်ကုန်းအုပ်စုအုပ်ချုပ်ရေးမှူး အသက် ၅၀ နှစ်ကျော်အရွယ် ကိုစိုးဝင်း ကို ဧပြီ ၂၆ ရက် ညနေ ၄ နာရီခွဲလောက်က အလယ်ကုန်းရွာကိုအပြန် ကန့်လန့်ကုန်းရွာထိပ်လမ်းပေါ်မှာ သေနတ်နဲ့ ၅ ချက် ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“စိုးဝင်း ကြက်ဝိုင်းကိုသွားတယ်ဆိုတာ သတင်းရလို့စောင့်နေတာ။ ကြက်ဝိုင်းက ဆိုင်ကယ်နဲ့ တယောက်တည်းပြန်လာတုန်းကိုဆော်တာ ပွဲချင်းပြီး။” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ တာဝန်ရှိကပြောပါတယ်။

ကိုစိုးဝင်းဟာ စစ်မှုထမ်းကြေးအပြင် အကြောင်းအမျိုးမျိုးပြကာ ကျေးရွာသားတွေဆီက ငွေကြေးတောင်းသူဖြစ်ပြီး အလောင်းကိုတော့မင်းလှဆေးရုံကိုသယ်သွားတယ်လို့ သိရကြောင်း သူကဆက်ပြောပါတယ်။

ကိုစိုးဝင်းဆီက ဓါးမြောင် ၁ ချောင်း၊ ငွေသားကျပ် ၆၀,၀၀၀၊ ဆိုင်ကယ် ၁ စီး၊ စည်းတံဆိပ်တုံး ၂ ခု၊ စစ်မှုထမ်းရမယ့်အမည်စာရင်းပါ စာရွက်စာတမ်းတွေနဲ့ အခြားစာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူဟာ စစ်မှုထမ်းကြေးအကြောင်းပြကာ ပြည်သူတွေဆီက အဓမ္မငွေကောက်ခံတဲ့အပြင် စစ်မှုထမ်းအမည်စာရင်းပါသူတွေဆီက ငွေကြေးအဆမတန်တောင်းခံတာ၊ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ်စုဆောင်းတာတွေလုပ်တဲ့အတွက် ခုလိုပစ်ခတ်တာလို့လည်း ဆိုထားပါတယ်။

ဒီပစ်ခတ်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပုံစာ – အုပ်ချုပ်ရေးမှူး ကိုစိုးဝင်း နှင့် ၎င်းထံမှ သိမ်းယူထားရရှိသည့် ပစ္စည်းများ။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက် နံနက် ၆ နာရီလောက်ကလည်း မင်းလှမြို့နယ်နဲ့ နယ်မြေထိစပ်တဲ့ အုတ်ဖိုမြို့နယ်၊ ငရှည့်ရိုးအုပ်စုက လက်ပစ်ဗုံးကိုင်ဆောင်တဲ့ အုပ်ချုပ်ရေးမှူး ကိုနိုင်ဦး ကိုလည်း အုပ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ – အုပ်ချုပ်ရေးမှူး ကိုစိုးဝင်းဆီ နှင့် ၎င်းထံမှ သိမ်းယူထားရရှိသည့် ပစ္စည်းများ။

သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။